"မိုးကောင်း"

မိုးကောင်းမြို့နယ်သည် ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၃၆ စု၊ ကျေးရွာပေါင်း ၇၃ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၄၈၃၇၁ ကျော်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၁၀၁၂.၇၉  စတုရန်းမိုင်ရှိပါသည်။ မိုးကောင်းမြို့နယ်၏အရှေ့ဘက်တွင်ဧရာဝတီမြစ်နှင့် . မြစ်ကြီးနား မြို့နယ်တို့နှင့်နယ်နိမိတ်ထိစပ်လျက်ရှိပြီးတောင်ဘက်တွင် မိုးညှင်းမြို့နယ်တို့နှင့် ထိစပ်လျက် ရှိပါသည်။ အနောက်ဘက်တွင် ဖားကန့်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် တနိုင်းမြို့နယ်တို့နှင့် ထိစပ် လျက်ရှိပါသည်။

မိုးကောင်းမြို့နယ်သည် မြေပြန့်လွင်ပြင် အနည်းငယ်သာရှိ၍ အများအားဖြင့် တောင်ကုန်းတောင်တန်းပေါများသော ဒေသဖြစ်သည်။ မြေပြန့်လွင်ပြင်များမှာ စိုက်ကွင်း၊ စိုက်ကွက်များဖြစ်၍ မီးရထားလမ်းဘေး ဝဲယာရှိနေရာများသာဖြစ်ပြီး ကျန်နေရာအားလုံးလိုလိုပင် အမြဲစိမ်းလန်း သော သစ်တောများ ဖုံးလွှမ်းလျက် ရှိပါသည်။ မြစ်ချောင်းများ နည်းပါးသည့် ဒေသတစ်ခု ဖြစ်ပြီး မြစ်ချောင်းများသည် တောင်မှ မြောက်သို့ စီးဆင်းလျက်ရှိပါသည်။ ထင်ရှားသောချောင်းများမှာ နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းတို့ဖြစ်ပြီး နန့်ရင်းချောင်းသည် မော်ဟန်တောင်တွင် မြစ်ဖျားခံ၍ နန့်ကောင်းချောင်းသည် နန့်တိန်းတောင်နှင့်အင်းတော်ကြီးမှ မြစ်ဖျားခံလာရာ မိုးကောင်းမြို့အနီး၌ ပေါင်းဆုံပါသည်။ ထို့နောက်မိုးကောင်း ချောင်းအမည်ဖြင့် မြို့၏အရှေ့ဘက် ၁၆၄ မိုင်အကွာ၌ ဧရာဝတီမြစ် အတွင်းပေါင်းဆုံပါသည်။ မိုးကောင်းမြိုနယ်သည်ပင်လယ် ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၄၇၀.၇၇၅ ပေတွင် တည်ရှိပါသည်။ အမြင့်ဆုံး တောင်မှာ ဗွေမရစ်ဘွမ် (ခေါ်) ရွှေတောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင် အထက် ၄၅၇၀ ပေ ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

မိုးကောင်းမြို့ကို ဧရာဝတီမြစ်အတွင်းသို့ စီးဆင်း ဝင်ရောက်ကြသော နန့်ကောင်းချောင်းနှင့် နန့်ရင်းချောင်းတို့ ပေါင်းဆုံရာဒေသတွင် တည်ထားခဲ့ပြီး ရှမ်းအမျိုးအနွယ်တို့ နေထိုင်ရာဒေသဖြစ်ခဲ့ပါသည်။ ရှမ်းစော်ဘွားများ အဆက်ဆက် အုပ်ချုပ်လာပြီး ယခုမြို့သည် စတုတ္ထအကြိမ် ပြောင်းရွှေ့ တည်ထားခဲ့သောမြို့ဖြစ်ပါသည်။ မိုးကောင်းမြို့ကိုစော်ဘွားများအဆက်ဆက် ဘာသာသာသနာ-ဓလေ့ထုံးစံများနှင့်အညီ ထိန်းသိမ်းအုပ်ချုပ်ခဲ့ပြီး နှစ်ပေါင်း ကာလအတော်ကြာခဲ့ရာမှ မြန်မာဘုရင်မင်းများက နောက်ပိုင်း ကာလတွင် စိုးမိုးအုပ်ချုပ်လာပြီး နေပြည်တော်မှ ခန့်အပ်သော ဝန်မင်းများ ပင် လာရောက်အုပ်ချုပ်ခဲ့ကြပါသည်။ မိုးကောင်းမြို့ကို ရှေးယခင်က မိန်းကောင်းဟုခေါ်သည်။ ရှမ်းဘာသာစကားဖြစ်ပြီးအိုးစည်ဟု အဓိပ္ပာယ် ရသည်။ ကာလကြာသောအခါမို င်းကောင်းမှ မိုးကောင်းဟု ခေါ်တွင်လာခြင်း ဖြစ်ပါသည်။ မိုးကောင်းမြို့ကို ၄ ကြိမ် ၄ နေရာပြောင်း၍ တည်ခဲ့ကြောင်း မှတ်တမ်းများအရသိရှိရပါသည်။ ပထမမိုးကောင်းတည်နေရာမှာ ရှမ်းဘာသာ စကားဖြင့် ပူကမ်းမြို့ဟုခေါ်သော ကာမိုင်းမြို့ဖြစ်ပါသည်။ ဒုတိယမိုးကောင်း တည်နေရာမှာ ကာမိုင်းမြို့အနီး ဖက်လှော်နေရာဖြစ်ပါသည်။ တတိယ မိုးကောင်းတည်နေရာသည် မြို့ဟောင်းနေရာဖြစ်ပြီး စော်ဘွားကြီး ခွန်ကောင်းဆိုင်းက တည်ခဲ့ခြင်းဖြစ်ပါသည်။ မြို့အမည်မှာ မိန်ကောင်းဆိုင်း ဖြစ်၍ ကျောင်းကန်ပုထိုးများဖြင့် ထင်ရှားပြီး ဘာသာသာသနာရောင် ထွန်းပြောင်ခဲ့ပါသည်။ မြို့ပန္နက်ကိုအရှေ့နောင်လမ်းအင်း၊အနောက်- နန့်ရင်းချောင်း၊ တောင်-နန့်ပုဏ္ဏားရေပေါက်၊မြောက်-နန့်ကောင်းချောင်း၊ စော်ဘွားတောင်ကုန်း၊ မြို့နာမ်စေတီ၊ ညောင်ပင်ကျောင်းနေရာတို့၌ တစ်ချိန်တည်း ပန္နက်ရိုက်ခဲ့ပါသည်။ ကောဇာသက္ကရာဇ် ၁၁၅၃ ခုနှစ်တွင် မြို့တည်ခဲ့သဖြင့်မြို့တည်နှစ်ကို အလွယ်တကူသိရှိနိုင်ရန် အိမ်အောက်မြစိမ်း မိုးကောင်းကိန်းဟု ဖွဲ့ဆိုခဲ့ပါသည်။ မိုးကောင်းမြို့အား စတုတ္ထအကြိမ် မြို့တည်သောသက္ကရာဇ် ၁၁၅၃ ခုနှစ်သည် ရာဇဝင်များနှင့် လေ့လာတိုက်ဆိုင်ကြည့်သော် သက္ကရာဇ် ၁၁၄၃ ခုနှစ်၌ ဘကြီးတော်ဘုရားနန်းတက်သည့်နှစ်ကို တွေ့ရသောကြောင့် ဘကြီးတော်ဘုရား၏ နန်းစံနှစ်(၁၀)နှစ်မြောက်တွင် စတုတ္တအကြိမ် မြို့တည်ခဲ့သော ဤမိုးကောင်းမြို့ကို တည်ထောင်ခြင်းဖြစ် ကြောင်း သိရှိမှတ်သားရပါသည်။ မိုးကောင်းစော်ဘွားကြီး စဝ်မမောင်ဆိုင် သည် ဥဒည်ဂီရီဥတ္တရတိုင်း၉၉လုံးမိုင်း ဟူသောအဆိုနှင့်အညီ ထမုံပေါ်မိုင်း ၉၉ အုပ်စုနှင့် ကျေးရွာပေါင်း ၂၄၀ ကိုအုပ်ချုပ်ခဲ့ပါသည်။ မိုးကောင်းမြို့ကို စော်ဘွား (၂၉) ဆက် မြို့ဝန်(၅၅)ဆက်နှင့် အမတ်ချုပ်(၃)ဆက်တို့က အုပ်ချုပ်ခဲ့ပါသည်။ စော်ဘွားအုပ်ချုပ်မှုမရှိသည့်နောက်တွင် နေပြည်တော်မှခန့်အပ် သည့်မြို့ဝန်များအနက် ဝန်းသိုစော်ဘွားဟောင်း မဟာရာဇာသိုဟုံဟွား ဦးရွှေသာသည် သက္ကရာဇ်(၁၂၄၆)တွင် မိုးကောင်းမြို့ဝန် ဖြစ်လာသည်။ သီပေါမင်းနန်းကျပြီးနောက် မိုးကောင်းမြို့ကို အမတ်ချုပ်ကြီး ဦးကုလားကဆက်လက်အုပ်ချုပ်ခဲ့ပါသည်။ ၁၂၄၈ ခုနှစ်တွင် ဦးကုလား၏သား နေမျိုးသီရိကျော်ထင် ဦးဘိုးစောအရိုက်အရာဆက်ခံခဲ့သည်။ ဦးဘိုးစောသည် မိုးကောင်းမြို့၏ရိုးရာ နောက်ဆုံးအမတ်ကြီးပင် ဖြစ်ခဲ့သည်။ ၁၂၄၈-၁၂၄၉ ခု မင်းပြောင်းမင်းလွှဲဖြစ်ချိန်တွင် အမတ်ကြီးဦးဘိုးစောသည် လက်ရုံးဗိုလ်ကြီး များဖြစ်သောဗိုလ်ရွှေထီး၊ ဗိုလ်ရွှေလယ်တို့နှင့်တိုင်ပင်၍ လူသူစုရုံးပြီးနယ်ချဲ့ အင်္ဂလိပ်တို့အား တွန်းလှန်ခဲ့သည်။ မြန်မာတစ်နိုင်ငံလုံး၏ အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးပြီးနောက် နယ်ချဲ့အင်္ဂလိပ်တို့အုပ်စိုးလာသောအခါ အရေးပိုင်၊နယ်ပိုင်၊မြို့ပိုင်၊ခရိုင်အုပ်၊ သူကြီး၊ ရွာခေါင်းစသည်တို့ဖြင့် အုပ်ချုပ် လာခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် မိုးကောင်းမြို့နယ်သည် မြို့နယ် တစ်ခုအဖြစ်ရပ်တည်ခဲ့သည်။

Attractions in မိုးကောင်း