"ထီးချိုင့်"

ထီးချိုင့်မြို့နယ်သည် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၂၉ စု၊ ကျေးရွာပေါင်း ၁၁၉ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၂၆၇၆၁ ကျော်နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှအနောက်သို့  ၄၃ မိုင်နှင့် တောင်မှမြောက်သို့  ၃၉.၄   မိုင်ရှည်လျားပါသည်။ ထီးချိုင့်မြို့နယ်၏ အရှေ့ဘက်တွင် မဘိမ်းမြို့နယ် (ရှမ်းမြောက်)၊ မိုးမိတ်မြို့နယ် ၊ တောင်ဘက်တွင် သပိတ်ကျင်းမြို့နယ် (မန္တလေးတိုင်း ဒေသကြီး)၊ အနောက်ဘက်တွင် ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်နှင့် မြောက်ဘက်တွင် ကသာမြို့နယ်၊ အင်းတော်မြို့နယ်တို့ တည်ရှိပါသည်။ မြို့နယ်အတွင်း မင်းဝံတောင်တန်း၊ ကန့်ကော်တောင်တန်း၊ တကောင်းတောင်တန်း များတည်ရှိပြီး ဧရာဝတီမြစ်နှင့် မဲဇာမြစ်တို့ ဖြတ်သန်းစီးဆင်းပါသည်။

ထီးချိုင့်မြို့နယ်သည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီး ဧရာဝတီမြစ်သည် မြောက်မှတောင်သို့ ၃၄ မိုင်ခန့် ဖြတ်သန်းစီးဆင်း ပါသည်။ မဲဇာမြစ်သည် ဗန်းမောက်မြို့နယ်မှ မြစ်ဖျားခံ၍ ထီးချိုင့်မြို့နယ် အတွင်း အနောက်ဘက်ကပ်လျက် အနောက်တောင်ဘက်သို့ စီးဆင်းပြီး ညောင်ပင်သာကျေးရွာအနီးတွင် ဧရာဝတီမြစ်နှင့် ပေါင်းဆုံပါသည်။

ဒေသသမိုင်းအကျဉ်း

 ကောဇာသက္ကရာဇ် ၃၅၉ ခု၊တပေါင်းလဆန်း ၁၂ ရက်၊ သောကြာနေ့တွင် အနော်ရထာမင်းစောသည် မောနိုင်ငံဖြစ်သောကမ္ဘောဇ တိုင်းနှင့်မြန်မာပြည်ဖြစ်သော တမ္ပဒီပတိုင်း နှစ်ဖက်စပ်ကြားတွင် ရောနှော မှုမဖြစ်စေရန်ဧရာဝတီမြစ် ဝဲယာကမ်းတို့၌ တပ်မြို့များကို တည်ထားရာ တပ်မြို့တစ်မြို့အဖြစ် ပါဝင်ခဲ့သည်။ ၎င်းတပ်မြို့ကို တည်စဉ်ကာလ တောင်ထွဋ်၌တည်ထားသော စေတီဟောင်းငယ်ကိုတွေ့၍ အသစ်ထပ်မံ ပြုပြင်ကာ စေတီတော်၏ရှေ့၌ ထီးနှင့်ကျိုင်းကို တည်ထားပူဇော်ခဲ့သည် ကိုစွဲ၍ ထီးကျိုင်းစေတီ ထီးကျိုင်းမြို့ဟု ခေါ်တွင်ခဲ့၏။ သက္ကရာဇ် ၄၅၇ ခုနှစ် အလောင်းစည်သူမင်း ဖေါင်တော်ဖြင့်လှည့်လှည်လာစဉ် ဖေါင်တော်ဦး ၌တည်ထားကိုးကွယ်တော်မူသော သင်္ကန်းနက်ရုပ်ပွားတော်ကို စေတီတော် ရှေ့၌ လှိုဏ်မုခ်ပြု၍ တည်ထားတော်မူသည်။ မိဖုရားကြီးက တစ်သိန်းတန် မြတဘက်ကိုရုပ်ပွားတော်၌ တင်လွှမ်းပူးဇော်သည်။ တစ်သိန်းတန် မြတဘက်ကို အလှူခံယူသောကြောင့် "မြသိန်းတန်" ဟူသောဘွဲ့အမည် တွင်သည်။ ကဝိမျက်မှန်သတ်ပုံဆရာက ရွှေချိုင့်သံချိုင့်ရွာ ထီးချိုင့် ချိုင့်ဝှမ်း ချိုင့်ခွက်ပင့်ရမည်"ဟု သတ်ပုံသံပေါက်ခဲ့သည်ကို အင်္ဂလိပ် အစိုးရ မင်းတို့ လက်ထက်က အသိအမှတ်ပြုခဲ့သဖြင့် "ထီးချိုင့် " ဟု ယနေ့တိုင် အမည်တွင်ခဲ့သည်။

Attractions in ထီးချိုင့်