"တောင်ကုတ်"

တောင်ကုတ်မြို့နယ်သည် ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၅၃ စု၊ ကျေးရွာပေါင်း ၂၀၇ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၅၄၂၃၉ ကျော် နေထိုင်ပါသည်။ မြို့နယ်အကျယ်အဝန်း ၂၀၅၇.၂၅ စတုရန်းမိုင် ရှိပါ သည်။ အရှေ့မှ အနောက်သို့ ၄၄ မိုင်၊ တောင်မှ မြောက်သို့ ၇၉ မိုင် ရှည်လျားပါသည်။  မအီမြို့သည် တောင်ကုတ်မြို့နယ်အတွင်းရှိ မြို့တစ်ခုဖြစ်သည်။ တောင်ကုတ်မြို့နယ်၏ အရှေ့ဘက်တွင် မင်းတုန်းမြို့နယ်နှင့် ပန်းတောင်းမြို့နယ်၊ တောင်ဘက်တွင် သံတွဲမြို့နယ်၊ အနောက်ဘက် တွင် ရမ်းဗြဲမြို့နယ်နှင့် ဘင်္ဂလားပင်လယ်အော်၊ မြောက်ဘက်တွင် အမ်း မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။ တောင်ကုတ်မြို့နယ်သည် တောင်ကုန်းများ ပေါများသည့် ဒေသ တစ်ခုဖြစ်ပြီး ရခိုင်ရိုးမသည် မြောက်မှ တောင်သို့ သွယ်တန်း လျက်ရှိပါသည်။ မြစ်ချောင်းများ ပေါများသည့် ဒေသ တစ်ခုဖြစ်ပြီး ထင်ရှားသည့် မြစ်ချောင်းများမှာ တောင်ကုတ်၊ မအီ၊ လမူး၊ ဆားပြင်၊ တန်းလွှဲ၊ ချောင်းတို့ ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

တောင်ကုတ်မြို့ကို ပြည်ထဲရေး၀န်ကြီးဌာနမှ ၁၉၇၂ ခုနှစ်၊ ပြန်တမ်းအမှတ်စဉ် (၂၅၉) ဖြင့် ၁၉၀၇ ခုနှစ် မြို့များ အက်ဥပဒေအရ ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။ တောင်ကုတ်မြို့ဟောင်း နေရာမှရရှိသော မြို့ ဟောင်းကျောက်စာအရ ရခိုင်လေးမြို့ခေတ် ကောလိယမင်း၊ ခရစ်နှစ် (၁၁၁၈-၁၁၂၃) လက်ထက်တွင် ရေးထိုးခဲ့သည့် ကျောက်စာဟုယူဆ ချက်အရ လည်းကောင်း၊ တောင်ကုတ်မြို့၏ ရှေးဟောင်းသမိုင်းဝင် စေတီတော်များဖြစ်သော ဆီးကိုင်းတောင်စေတီ၊ သည်းခံတောင် စေတီတော်နှင့် ဇာတီပြင် စေတီတော်တို့၏ မူလဒါယကာမှာ ကောလိ ယမင်းကို ခရစ်နှစ် ၁၁၂၃ တွင် ဆက်ခံသော သားတော် သရာဇာမင်း နှင့် မိဖုရား စောရမ္မဒေဝီတို့ဖြစ်ခြင်း ကြောင့်လည်းကောင်း၊ လွန်ခဲ့သောနှစ်ပေါင်း ၉၀၀ ခန့်ကတည်းကပင် တောင်ကုတ်မှာ ရခိုင်ဘုရင်ငယ်များ၊ မြို့စားများ တည်ထောင်အုပ်ချုပ်ခဲ့ကြောင်း သိရှိရပါသည်။ အရှေ့ဘက်က သက်(ချင်း)များ၊ လမူး၊ မအီ၊ တောင်ကုတ်၊ သူဌေး(သဒေး)ချောင်းများကတဆင့် ကျူးကျော်လာ သည့်အတွက် သက်များကို တားဆီးကာကွယ်ရန် သက္ကရာဇ် ၆၇၉ (ခရစ် ၁၃၁၇)တွင် စစ်ချီစေသည့်အခါ မာန်အောင်စား ချစ်သူကို မအီလမ်း၊ သူဌေး(သဒေး)စားလင်္ကျာကို သူဌေးလမ်း၊ တောင်ကုတ် စား ရန်မသူကို တောင်ကုတ်တောင်ကြားလမ်းအတိုင်း ချီတက်စေ ကြောင်း ရခိုင်ရာဇဝင်များတွင်ထားသဖြင့် လွန်ခဲ့သောအနှစ် ၇၀၀ ခန့်တွင်လည်း တောင်ကုတ်တွင် မြို့စားများ အုပ်ချုပ်နေခဲ့ကြောင်း ပေါ်လွင်ပါသည်။ ရခိုင်ဘုရင် မင်းဗာကြီး ဘင်္ဂါ ၁၂ မြို့သို့ စစ်ချီရာတွင်လည်း သံတွဲစား ဥပရာဇာ၏ စီမံကွပ်ကဲမှု တပ်မတော်တွင် ဓားလှံစွဲသူရဲ တစ်သောင်း၊ ပန်းထော်စား ရန်မျိုးအောင် တစ်ဗိုလ်၊ သိုင်းတပ် သူရဲတစ်သောင်းမှာ ရာဇသူ တစ်ဗိုလ်ဟု ရခိုင်ရာဇဝင်များ ၏ရေးသားချက်အရတောင်ကုတ်မှာ အစဉ်အဆက်မြို့စား၊ ရွာစားများ အုပ်ချုပ်နေခဲ့သောသမိုင်းအစဉ်အလာရှိသော ရှေးဟောင်း မြို့တစ်မြို့ ဖြစ်ကြောင်း သိရှိရပါသည်။

Attractions in တောင်ကုတ်