"မိုင်းယောင်း"

မိုင်းယောင်းမြို့ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၄.၈.၁၉၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့ပါသည်။ မိုင်းယောင်းမြို့နယ်တွင် ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၂၀ စု၊ ကျေးရွာပေါင်း ၂၆၁ ရွာပါဝင်ပြီး လူဦးရေပေါင်း ၆၆၀၀၀ ကျော် နေထိုင်ပါသည်။ မိုင်းယောင်းမြို့နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၁၅၃၄.၇၆၇ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ မိုင်းယောင်းမြို့နယ်သည် အရှေ့ဘက်တွင်ရှိသော လာအိုနိုင်ငံနှင့် ထိစပ်မှုမှာ (၆၃.၉) မိုင်၊ တောင်ဘက်တွင်ရှိသော မိုင်းဖြတ်မြို့နယ်နှင့် (၈.၅၂) မိုင်၊ တာချီလိတ်မြို့နယ်နှင့် (၂၉.၈၃) မိုင်၊ အနောက်ဘက်တွင် ကျိုင်းတုံမြို့နယ်နှင့် (၁၁.၃၆) မိုင်၊ မြောက်ဘက်တွင် မိုင်းလားမြို့နယ်နှင့် (၄၁.၆၁) မိုင်၊ တရုတ်နိုင်ငံနှင့် (၆၈.၁၈) မိုင် ရှိပါသည်။ မိုင်းယောင်းမြို့နယ်သည် တောင်ကုန်းတောင်တန်းပေါများပြီး တောင်များ၊မြေပြန့်များ၊ မြစ်၊ ချောင်း၊ အင်းအိုင်များနှင့် ရောပြွန်း တည်ရှိနေပါသည်။ မိုင်းယောင်းမြို့နယ်တွင် တောတောင်များသည် အရှေ့မြောက်ဘက်မှ အနောက်တောင်ဘက်အထိ တည်ရှိနေပါသည်။ မြို့နယ်အတွင်း အမြင့်ဆုံးတောင်မှာ လွယ်ပန်နောင်တောင် (၆၆၈၉ပေ) ဖြစ်သည်။ မိုင်းယောင်းမြို့နယ်သည် မြစ်ချောင်းများ ပေါများသည့် ဒေသဖြစ်ပါသည်။ နမ့်လွေချောင်း၊ နမ့်ခပ်ချောင်း၊ နမ့်ပုန်းချောင်းများသည် ထင်ရှားပြီး ၎င်းချောင်းများသည် အနောက်မြောက်မှအရှေ့တောင်သို့လည်းကောင်း၊ နမ့်ဖွန်ချောင်း၊ နမ့်ယောင်းချောင်းများသည် အနောက်တောင်မှ အရှေ့တောင်သို့လည်းကောင်း အသီးသီး စီးဆင်းလျှက်ရှိပါသည်။ နမ့်လွေချောင်းသည် မဲခေါင်မြစ်သို့ စီးဝင်ပါသည်။ နမ့်လွေချောင်းသည် နွေရာသီတွင် ရေအနက် ၄ ပေ ခန့်သာ ရှိ၍ စက်လှေများ မသွားလာနိုင်ပါ။ မြို့နယ်အတွင်းရှိ ရေအရင်းအမြစ် အများစုမှာ ရေချိုများဖြစ်သောကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုပါသည်။ မိုင်းယောင်းမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၁၈၀၀ ပေအထက်တွင် တည်ရှိပါသည်။ မိုင်းယောင်းမြို့နယ်တွင် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၆ ဒီကရီ စင်တီဂရိတ်ဖြစ်သည်။ မိုင်းယောင်းမြို့နယ်သည် စီးပွားရေး အသင့်အတင့် ဖွံ့ဖြိုးသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံ ပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ရာဘာစိုက်ပျိုးထုတ်လုပ်ခြင်းကိုလည်း လုပ်ကိုင်ကြသည်။ အဓိက ထွက်ကုန်မှာ ဆန်စပါးဖြစ်ပါသည်။ မိုင်းယောင်းမြို့နယ်သည် မိုင်းဖြတ်-မိုင်းယောင်း-မိုင်းယုကားလမ်းပေါ်တွင် တည်ရှိ၍ လမ်းပန်း ဆက်သွယ်ရေး အသင့်အတင့် ကောင်းမွန်ပါသည်။

Attractions in မိုင်းယောင်း