"ထန်တလန်"

ထန်တလန်မြို့နယ်၏ အကျယ်အ၀န်းမှာ စတုရန်းမိုင် ၁၃၇၀.၁၃ နှင့် ဧကအားဖြင့် ၈၇၇၄၅၉ ဧကရှိပါသည်။ ထန်တလန်မြို့နယ်၏ နယ်နိမိတ်ဆက်စပ်မှုမှာ အရှေ့ဘက်တွင် ဟားခါးမြို့နယ် ၄၈ မိုင်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ် ၇၄ မိုင်၊ တောင်ဘက်တွင် မတူပီမြို့နယ် ၄၆ မိုင်၊ မြောက်ဘက်တွင် ဖလမ်းမြို့နယ် ၂၈ မိုင်တို့နှင့်ထိစပ်လျက်ရှိပါသည်။ ထန်တလန်မြို့နယ်သည် တောင်တန်းများပေါများသည့် ဖြစ်ပြီး တောင်တန်းများမှာ မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိပါသည်။ မြို့နယ်အတွင်း ထင်ရှားသောမြစ်များမှာ ဘွေနူးမြစ်နှင့် တီအိုချောင်းဖြစ်ပြီး အိန္ဒိယနိုင်ငံ နှင့်နယ်နိမိတ်ပိုင်းခြားထားပါသည်။ ထန်တလန်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၄၉၆၂)တွင်ရှိပါသည်။ အမြင့်ဆုံးတောင်မှာဘွေပါးတောင်ဖြစ်ပြီး အမြင့်ပေ ၈၉၇၃ ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

ထန်တတလန်မြို့နယ်သည် ယခင်ဖလမ်းခရိုင်၊ ဟားခါးမြို့နယ် တွင်ပါ၀င်ခဲ့သည့်ဒေသအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ နယ်ချဲ့ အင်္ဂလိပ် လက်ထက်တွင် ချင်းပြည်နယ်၏ဒေသများနည်းတူ နယ်စပ်စော်ဘွား ရွာစားများဖြင့် အုပ်ချုပ်စေခဲ့ပါသည်။ ၁၉၄၈ ခုနှစ်၊လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလတွင်စော်ဘွားနှင့်နယ်စားများထံမှအာဏာကို ရုပ်သိမ်း ကာတိုက်သူကြီး၊ သူကြီးများဖြင့်စီမံအုပ်ချုပ်စေခဲ့ပါသည်။ ဖလမ်းခရိုင် အတွင်းရှိယခင်ကဟားခါးမြို့နယ်တွင်ရပ်ကွက်နှင့် ကျေးရွာ အုပ်စုပေါင်း ၇၄ ရွာဖြင့်ဖွဲ့စည်းအုပ်ချုပ်ခဲ့ပါသည်။ အဆိုပါဟားခါး မြို့နယ်၏ အနောက်ဖက်ဒေသရှိ ကျေးရွာအုပ်စုပေါင်း ၃၈ ခုကို သီးခြား မြို့နယ် အဖြစ်သတ်မှတ်ကာ မြို့မရပ်ကွက် ၁ ခုဖြင့်လည်းကောင်း၊ ကျန် ၃၇ အုပ်စု ကို ထန်တလန်မြို့နယ်လက်အောက်ရှိ ကျေးရွာအုပ်စုများ အဖြစ်လည်းကောင်း၊ ပြည်ထဲရေးနှင့်သာသနာရေး၀န်ကြီးဌာန၏ ၄-၈-၁၉၇၂ရက်စွဲ ပါစာ အမှတ် ၁၀/၃/၄၇/၁၇-၁၉၇၂ ဖြင့် အမိန့်ကြော်ငြာခဲ့ပါသည်။ . ပြည်ထဲရေး ၀န်ကြီးဌာန၊ နေပြည်တော်၏ ၁-၇-၂၀၀၈ နေ့စွဲပါအမိန့် ကြော်ငြာစာ အမှတ်၊၂၀၀/၂၂-၃၇၀/ဦး၁ဖြင့် ထန်တလန်မြို့ကို ရပ်ကွက် ၁ ခုမှ ရပ်ကွက် ၃ ခု ဖြင့် ပြင်ဆင်ဖွဲ့စည်းထားသဖြင့်ရပ်ကွက် ၃ ခု၊ကျေးရွာ အုပ်စု ၃၇ အုပ်စုဖြင့် သတ်မှတ်ထားပါသည်။ အဆိုပါဖွဲ့စည်းထားသော ကျေးရွာအုပ်စု ၃၇ အုပ်စုအား ပြည်ထဲရေး ဝန်ကြီးဌာန၏ ၁၃.၉.၂၀၁၇ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်၊ (၁၁၆၇/၂၀၁၇) ဖြင့် နှာဟရိန် ကျေးရွာအုပ်စုအား နှာဟရိန်မြို့အဖြစ် ရပ်ကွက်(၂)ခုဖြင့် ပြင်ဆင်ဖွဲ့စည်း ထားပါသဖြင့် ထန်တလန်မြို့နယ်တွင် မြို့ ၂ ခု၊ ရပ်ကွက် ၅ခု၊ ကျေးရွာ အုပ်စု ၃၆ ခု၊ ကျေးရွာပေါင်း ၈၅ ရွာဖြင့် ပြင်ဆင်ဖွဲ့စည်းထားပါသည်။

Attractions in ထန်တလန်