"မြိုင်"

မြိုင်မြို့ နယ်၏အကျယ်အဝန်းမှာ ဧရိယာစတုရန်း မိုင်(မြို့- ၀.၈၆၂၅)၊ ကျေးရွာအုပ်စု(၇၈၄.၇၉၈၅)၊ စုစုပေါင်း (၇၈၅.၆၆၁)ဧရိယာစတုရန်းမိုင် ကျယ်ဝန်းပြီး မြို့နယ်အတွင်း လူဦးရေစုစုပေါင်း ၂၇၆၆၄၂ ဦးခန့် နေထိုင်ပါသည်။ မြိုင်မြို့နယ်၏အရှေ့ဘက်တွင် ရေစကြိုမြို့နယ်၊တောင်ဘက်တွင် ပခုက္ကူမြို့နယ် အနောက်ဘက်တွင်ပေါက်မြို့နယ်တို့နှင့်ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ဖြင့်နယ်နမိတ်ထိစပ်လျက်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

မြိုင်မြို့နယ်သည် ပုဂံပြည်ရှင် အလောင်းစည်သူမင်းတရားကြီး ဖောင်စင်္ကြာဖြင့် တိုင်းခန်းလှည့်လည်စဉ် မြိုင်မြို့တည်ရာအရပ်သို့ ရောက်ရှိသည့်အခါ ကောင်းကင်ယံတွင် ရွှေမြင်းရုပ်ပေါ်နေသည်ကို တွေ့ရှိသဖြင့် ဖောင်တော်ကိုရပ်တန့်စေပြီး ပညာရှိများ၏အဟောအရ စေတီတော်ကိုတွေ့ရှိ၍ ပြုပြင်တည်ထားကိုးကွယ်ခဲ့ကြောင်း၊ ဘုရားကိုစောင့်ရှောက်ရန် ရွာတည်ပေးခဲ့ပြီး အမည်မှည့်ခေါ်ရာတွင် နှောတော၊ရေကန်များနှင့် စိမ်းလန်း စိုပြည်သော ပင်ပျိုပင်မြင့်များဖြင့် မှိုင်းဝေလျက်ရှိသည်ကို အစွဲပြု၍ မှိုင်းရွာဟု ခေါ်တွင်စေခဲ့ သည်။ကာလကြာမြင့်သောအခါ မှိုင်းရွာမှ မြိုင်ရွာဟူ ပြောင်းလဲခေါ်တွင်ခဲ့ကြောင်း၊ မြိုင်မြို့ ရွှေမြင်းတင်မြတ်စွာဘုရားကြီး သမိုင်းအထောက်အထားတွင် အဆိုရှိခဲ့ပါသည်။ မြိုင်ရွာမှ မြို့အသွင်ဆောင်လာပြီး အုပ်ချုပ်မှုစနစ်အရ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၃.၆.၁၉၇၂)ရက်စွဲပါအမိန့်ကြော်ညာစာအမှတ် (၁၉၉)ဖြင့်လည်းကောင်း၊ (၂၄.၂.၁၉၇၄)ရက်စွဲပါ ပြန်တမ်းအမိန့်အရလည်းကောင်း ရပ်ကွက် ၃ ခု၊မြို့တစ်မြို့၊ကျေးရွာအုပ်စု ၈၁ အုပ်စု၊ ကျေးရွာ ပေါင်း ၃၂၉ ရွာပါဝင်သော မြိုင်မြို့နယ်အဖြစ်အတည်ပြုသတ်မှတ်ပေးခဲ့သည်။

Attractions in မြိုင်