"စလင်း"

စလင်းမြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၃.၁၂.၂၀၁၈) ရက်စွဲပါ အမိန့်ကြော်ငြာစာအရ မြို့ ၂ မြို့၊ ရပ်ကွက် ၁၁ ခု၊ ကျေးရွာအုပ်စု ၉၉ စု၊ ကျေးရွာပေါင်း ၄၁၇ ရွာဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။ လူဦးရေပေါင်း ၂၅၅၀၀၀ ကျော် နေထိုင်ပါသည်။ အရှေ့မှအနောက်သို့ ၂၈ မိုင်၊ တောင်မှ မြောက်သို့ ၃၂ မိုင် ရှည်လျားပြီး ၈၉၃.၁၄ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ချောက်မြို့နယ်၊ ရေနံချောင်းမြို့နယ်၊ အနောက်ဘက်တွင် စေတုတ္တရာမြို့နယ်၊ တောင်ဘက်တွင် ပွင့်ဖြူမြို့နယ်၊ မြောက်ဘက်တွင် ဆိပ်ဖြူမြို့နယ်၊ ဆောမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ စလင်းမြို့နယ်၏ အရှေ့ဘက်တွင် မြေပြန့်လွင်ပြင်များ ရှိပြီး အနောက်ဘက်တွင် တောင်ကမူများ၊ တောင်ကုန်းမြင့်များ ရှိသည်။ နွားမတောင်သည် ထင်ရှားသော တောင်တန်းဖြစ်သည်။ အနောက်မြောက်ပိုင်းရှိ ရေယိုတောင်သည် အမြင့်ဆုံးဖြစ်ပြီး ပေပေါင်း ၂၀၈၃ ပေမြင့်မားပါသည်။ ဧရာဝတီမြစ်သည် အထင်ရှားဆုံးဖြစ်ပြီး ၂၃ မိုင် ရှည်လျားကာ စလင်းချောင်းသည် ၃၂ မိုင် ရှည်လျားသည်။ မွဲချောင်း၊ သရူးချောင်း၊ ပေါင်းချောင်းတို့သည် စလင်းချောင်း၏ လက်တက်များဖြစ်သည်။ စလင်းချောင်းသည် စွန်းကျွန်းညိုရွာအနီး ဧရာဝတီမြစ် အတွင်းသို့ စီးဝင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၁၆.၁၈၆ အတွင်း တည်ရှိပါသည်။ ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၄˚C ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ အခြားဒေသများသို့ ကုန်းလမ်း၊ ရေကြောင်းလမ်းများဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ အဓိက ထွက်ကုန်များမှာ ဆန်၊ စပါးနှင့် ပဲမျိုးစုံဖြစ်သည်။ စလင်းမြို့နယ်မှ ဝက်သည်းကန်သည် အထူးထင်ရှားသည်။

Attractions in စလင်း