"ကြံခင်း"

ကြံခင်းမြို့နယ်သည် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၃၀ စု၊ ကျေးရွာပေါင်း ၂၅၁ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၉၇၇၁၇ ကျော် နေထိုင်ပါသည်။ ကြံခင်းမြို့နယ်သည် အရှေ့မှအနောက်သို့ ၂၂ မိုင် နှင့် တောင်မှ မြောက်သို့ မိုင်၂၀ ရှည်လျားပါသည်။ ကြံခင်းမြို့နယ်၏ အရှေ့ဘက်တွင် ဧရာ၀တီမြစ်ခြားလျက် ပဲခူးတိုင်း ဒေသကြီး၊ ရွှေတောင်မြို့နယ်၊ တောင်ဘက်တွင် ဧရာ၀တီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ရခိုင်ရိုးမတောင်တန်းခြားလျက် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။ မြို့နယ်၏ မြေမျက်နှာသွင်ပြင်မှာ မြောက်ဘက်မှတောင်ဘက် မြန်အောင်မြို့နယ်အထိ မြေပြန့်လွင်ပြင်ဖြစ်ပါသည်။ . အနောက်မြောက်ဘက်မှ အရှေ့တောင်ဘက်မြို့နယ် နယ်နိမိတ်အထိ ဧရာ၀တီမြစ်ကမ်းနဖူးပေါ်တွင် တည်ရှိပါသည်။ ကြံခင်းမြို့နယ်၏ အနောက်ဘက်တွင် တောင်ကုန်း တောင်တန်းများတည်ရှိပါသည်။  မြို့နယ်အတွင်းထင်ရှားသော ချောင်းများမှာ ဖားတစ်ရှဉ်းချောင်း၊ မွှေချောင်းတို့ဖြစ်ပါသည်။ မြို့နယ်၏အနောက်မြောက်ဘက်တွင် အကောက်တောင်ရှိ၍ အနောက်ဘက်ဆုံး၌ ထုံးတောင်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

မြန်မာ့စွယ်စုံကျမ်းအရ ကြံခင်းမြို့ကို ခရစ်နှစ် အေဒီ ၁၂၅၀ ပြည့်နှစ်က မွန်တို့စတင်အခြေချနေထိုင် တည်ထောင်ခဲ့ပါသည်။ ၁၇၅၃ ခုနှစ် (ကုန်းဘောင်ခေတ်)ရောက်မှ ဗမာ လူမျိုးများအလုံးအရင်းဖြင့် ရောက်ရှိနေထိုင်ခဲ့ပါသည်။ ကြံခင်းဟူသော အမည်မှာ မွန် ဘာသာစကား အရ “ကျာ ကင်း ” ဖြစ်၍ “ကျာ ”မှာ မိချောင်းဟု အဓိပ္ပါယ်ရပြီး ‘ကင်း’ ဟူသောစကားမှာ အစောင့်အရှောက် (ဝါ) အကောက်ရုံးဟု အဓိပ္ပါယ် ရပါသည်။ ထို့ကြောင့်မိချောင်း ရုပ်ရှိသောမြို့ (ဝါ) မိချောင်းအရုပ်ရှိသော အကောက်ရုံးစိုက်ရာမြို့ဟု အဓိပ္ပါယ်ရပါသည်။ အေဒီ ၁၉၇၄ ခုနှစ်တွင် ကြံခင်းမြို့ကို အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ကသိမ်းယူပြီး မြို့ဝန်တစ်ဦးခန့်ထားကာ သာယာဝတီ၊ ပန်းတောင်း၊ ကြံခင်း၊ ကနောင်တို့အား အုပ်ချုပ်စေခဲ့ပါသည်။ အေဒီ ၁၈၂၆ တွင် ကြံခင်းမြို့ကို အုပ်ချုပ်ရသော မြို့ဝန် မှာ မဟာမင်းကျော် နော်ရထာဘွဲ့ခံ ဝန်မင်းဦးသူ ဖြစ်ပါသည်။ ဝန်မင်း ဦးသူသည် ကြံခင်းမြို့၌ ရုံးစိုက်အုပ်ချုပ်စဉ် သမိုင်းဝင် အင်တိုင်းရွာ၊ လေးထပ်ကြီးဘုရားနှင့် ကျောက်စာပါသိမ်တော်၊ ဘက်ရဲရွာ လေးထပ်ကျောင်း နှင့် သိမ်တော်၊ ဆုံလဲရွာ သိမ်တော်တို့ကို တည်ထား လှူဒါန်းခဲ့ပါသည်။ ၁၈၂၅ ခုနှစ်တွင် နယ်ချဲ့တို့က ကြံခင်းမြို့ကိုသိမ်းယူခဲ့ပြီး ၁၈၈၂ ခုနှစ်တွင် မြို့အဖြစ်သတ်မှတ်ပြီး ၁၈၈၆ ခုနှစ်တွင် မြူနီစီပါယ်အုပ်ချုပ်ရေးကို စတင်အုပ်ချုပ်ခဲ့ပါသည်။ ၁၉၄၆ ခုနှစ်တွင် ဗြိတိသျှအစိုးရမှ ခန့်ထားသော မြန်မာမျိုးသား မြို့၀န်မှာ ဦးဖိုးလှိုင်ဖြစ်ပါသည်။ ၁၉၅၀ ခုနှစ်တွင် မြို့ပိုင် ဦးမောင်မောင်ကြီး၊ ဦးကံညွန့် စသည့် မြန်မာအရာရှိများ အဆင့်ဆင့် ပြောင်းလဲ အုပ်ချုပ်ခဲ့ကြပါသည်။ ၁၉၇၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ခရိုင်များကို ဖျက်သိမ်းသည့်အချိန်၌ မြို့ပိုင် ဦးအေးမှ အုပ်ချုပ်ခဲ့ပါသည်။

Attractions in ကြံခင်း