"ကျောက်မဲ"

ကျောက်မဲမြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၃၁.၈.၁၉၇၂) ရက်စွဲပါ စာဖြင့် မြို့အဖြစ် သတ်မှတ်ဖွဲ့စည်း ခဲ့ပါသည်။ ကျောက်မဲမြို့နယ်တွင် မြို့ ၂ မြို့၊ ရပ်ကွက်ပေါင်း ၂၀ ခု၊ ကျေးရွာအုပ်စုပေါင်း ၇၀ စု၊ ကျေးရွာပေါင်း ၃၇၀ ရွာပါဝင်ပြီး လူဦးရေပေါင်း ၁၇၀၀၀၀ ကျော် နေထိုင်ပါသည်။ အရှေ့မှအနောက်သို့ ၄၈ မိုင်၊ တောင်မှမြောက်သို့ ၃၃ မိုင် ရှည်လျားပြီး ၁၆၂၅.၂၃၇ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် သီပေါမြို့နယ်၊ တောင်ဘက်တွင် ရပ်စောက်မြို့နယ်၊ အနောက်ဘက်တွင် နောင်ချိုမြို့နယ်၊ မြောက်ဘက်တွင် မိုးကုတ်မြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မိုင်းငေါ့မြို့တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ ကျောက်မဲမြို့နယ်သည် တောင်ကုန်း၊ တောင်တန်များ ဝန်းရံလျှက်ရှိသော တောင်ပေါ်မြေပြန့် မြို့တစ်မြို့ ဖြစ်သည်။ မြို့နယ်အတွင်းရှိ နမ့်စောင်းငေါင်းချောင်းသည် အနောက်မှအရှေ့သို့ ဖြတ်သန်း စီးဆင်းလျှက်ရှိသည်။ ကျောက်မဲမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၂၅၀၆ ပေတွင် တည်ရှိပြီး အမြင့်ဆုံးတောင်မှာ ရွှေနတ်တောင် ဖြစ်သည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၂၇.၈˚C ဖြစ်သည်။ ကျောက်မဲမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် လက်ဖက်စို၊ လက်ဖက်ခြောက်လုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည်။ ကျောက်မဲမြို့နယ်တွင် ကားလမ်း၊ မီးရထားလမ်းရှိပြီး လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ အဓိကထွက်ကုန်မှာ လက်ဖက်နှင့်ပြောင်းတို့ ဖြစ်သည်။

Attractions in ကျောက်မဲ