"တောင်ဥက္ကလာပ"

တောင်ဥက္ကလာပမြို့နယ်သည် မြို့နယ်ဧရိယာအကျယ်အဝန်း ၃.၉၃ စတုရန်းမိုင်ရှိပြီး မြို့နယ်အတွင်း လူဦးရေပေါင်း ၁၅၄၅၁၀ ကျော်နေထိုင်ပါသည်။ တောင်ဥက္ကလာပမြို့နယ်၏ အရှေ့ဖက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ အနောက်ဖက်တွင် ရန်ကင်းမြို့နယ်၊ တောင်ဖက်တွင် သင်္ဃန်းကျွန်း မြို့နယ်၊ မြောက်ဖက်တွင် မရမ်းကုန်းမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ တောင်ဥက္ကလာပမြို့နယ်တွင် ငမိုးရိပ်ချောင်း နှင့် ကျိုက္ကဆံချောင်းတို့သည် တောင် မှ မြောက်သို့ စီးဆင်းလျက်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

၁၉၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရလက်ထက်တွင် ရန်ကုန်မြို့ ကျူးကျော်ရပ်ကွက်များဖြစ်သည့် ကပ္ပလီကွက်သစ်၊ ဆင်မင်းကွက်သစ်များကို ဖျက်သိမ်း၍ မြို့သစ်များအဖြစ် တောင်ဥက္ကလာပ၊ သာကေတမြို့သစ်များ စနစ်တကျ ဖော်ထုတ် နေရာချထားပေးခဲ့ရာမှ တောင်ဥက္ကလာပမြို့နယ် စတင်ပေါ်ပေါက်လာခဲ့ပါသည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ကို မူလက (၁၀)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ စည်ပင်ပိုင် စုပေါင်းရုံးတွင် ဖွင့် လှစ်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် အမှတ် ၁၂၄၃၊ သစ္စာလမ်း၊ (၇) ရပ်ကွက်ရှိ ဌာနပိုင်အဆောက်အဦသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ တောင်ဥက္ကလာပ မြို့နယ်သည် အမှတ်(၃)ရပ်ကွက်မှ (၁၅)ရပ်ကွက်အထိ ရပ်ကွက်ပေါင်း (၁၃)ရပ်ကွက်တည်ရှိပြီး၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့သည် တောင်ဥက္ကလာပမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့ပိုင်းခြားရာတွင် မြောက်ဥက္ကလာပမြို့နယ် နိမိတ်အတွင်းသို့ပါဝင်သွားခဲ့၍ တောင်ဥက္က လာပမြို့နယ်သည် အမှတ်(၃)ရပ်ကွက်မှစတင်၍ ခေါ်ဝေါ်ခဲ့ရခြင်းဖြစ်ပါသည်။ တောင်ဥက္ကလာပမြို့နယ်သည် စတုဂံပုံသဏ္ဍာန်တည်ဆောက် ထား၍ လှပသောမြို့နယ်တစ်မြို့နယ် အဖြစ်တည်ရှိပါသည်။ ၎င်းအပြင် တောင်ဥက္ကလာပမြို့နယ်သည် မြို့သစ်များ ထပ်မံပေါ်ပေါက်လာသဖြင့် ရန်ကုန်မြို့ နယ်နိမိတ်အတွင်း အချက်အခြာကျသော မြို့နယ်တစ်မြို့နယ် အဖြစ် ထင်ရှားလာပါသည်။

Attractions in တောင်ဥက္ကလာပ