"မင်္ဂလာတောင်ညွန့်"

မင်္ဂလာတောင်ညွန့်မြို့နယ်သည် ဧရိယာအကျယ်အဝန်း ၁.၉၅ စတုရန်းမိုင်ရှိသည်။ အရှေ့ဘက်တွင် ပုဇွန်တောင်ချောင်း၊ ဒေါပုံမြို့နယ်၊ အနောက်ဘက်တွင် အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ တောင်ဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ မြောက်ဘက်တွင် လဂွန်းအိမ်တံတား၊ တာမွေ မြို့နယ်တို့နှင့် ဆက်စပ်လျက်ရှိပါသည်။ မြို့နယ်၏ အရှေ့ဘက်တွင် ဒီရေအတက် အကျရှိသည့် ပုဇွန်တောင်ချောင်းသည် မြောက်မှ တောင်သို့ စီးဆင်း လျက်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

ရှေးယခင်အခါက မင်္ဂလာတောင်ညွန့်မြို့နယ်ဟု ခေါ်တွင်မည့်နေရာတွင် ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် ၂၁၈ နှစ်မြောက်သောအခါ ပါဋလိပုတ်ပြည်ကို အစိုးရသော သီရိဓမ္မာအာသောက မင်းကြီးကို အမှီပြု၍ တတိယ သင်္ဂါယနာ တင်တော်မူသော အရှင် မဟာမောဂ္ဂလိပုတ္တတိဿမထေရ် မြတ်၏ တပည့်အရင်း ဖြစ်တော်မူ သောအရှင်ယသ၊ အရှင်သောဏ နှင့် အရှင်သုစိ အမှူးပြုသော ရဟန္တာအရှင်မြတ်တို့သည် နောက်ပါ သံဃာတော် နှစ်ကျိပ်နှင့်တကွ ရာမညတိုင်း သုဝဏ္ဏဘူမိသို့ သာသနာပြု ကြွရောက်တော်မူရာ သီဟဒီပမင်းသား သရီရဓါတ်တော် မွေတော် မြတ်များကို ပေးအပ်တော်မူ၍ စေတီပုထိုးတည်ထား ကိုးကွယ်စေ သည့်အပြင် ဒေဝသာဂရသိမ်ကုန်းတွင် ရဟန္တာအရှင်မြတ်များကို ကိုယ်တော်တိုင် သိမ်ဖြူတော်ကြီးနှင့်တကွ ဗုဒ္ဓသိမ်ကိုးလုံးကို တည် ထားတော်မူကြောင်းနှင့် မွန်လူမျိုးတို့၏ သမိုင်းစာဟောင်း၌ ထင်ရှား ရှိသည့်အတိုင်းဟူ၍ ဖော်ပြထားပါသည်။

ဒေဝသာဂရရဟန္တာသိမ်ဖြူတော်ကြီးသည် မင်္ဂလာတောင် ညွန့်မြို့နယ် သိမ်ဖြူမီးရထားရပ်ကွက် သိမ်ဖြူလမ်းနှင့် ဗိုလ်မင်းရောင်လမ်း (ဦးအုန်းခိုင်လမ်း)ထောင့် သိမ်ဖြူဈေး တောင်ဘက်ရှိ ဒေဝသာဂရသိမ်ကုန်းကျောင်းတိုက်အတွင်း တောင်ကုန်းမြင့်အထက် ၌ တည်ရှိခဲ့ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်ခန့်က ဆောက်လုပ်ထားခဲ့သည်ဟု အဆိုရှိသော သိမ်တော်ကြီးသည် ထုံး ဖြူဖြူဖွေးဖွေးအဆင့်ဖြင့် ဖူးမြင်ကြရသောကြောင့် သိမ်ဖြူတော်ကြီး ဟူသော ဘွဲ့အမည်ဖြင့် ထင်ရှားခဲ့သည်။ သိမ်ဖြူတော်ကြီး၏ အရှေ့ဘက်၌ တည်ရှိသော ပုဇွန်တောင်ချောင်းလက်တက်မှ တစ်နေ့ လျှင် ဒီရေအတက်အကျ နှစ်ကြိမ်ဖြစ်ပေါ်လေ့ရှိရာ စီးဆင်းဝင်ရောက် သည့်ရေများဖြင့် ပြည့်လျှံနေတတ်သောကြောင့်လည်း ဒေဝသာဂရ (နတ်သမုဒ္ဒရာ)ဟူသော ဘွဲ့အမည်ဖြင့် ခေါ်တွင်ကြသည်။ ဤသို့ ဘွဲ့အမည်နှစ်ရပ်ကို ပေါင်းစပ်လျက် ဒေဝသာဂရ သိမ်ဖြူတော်ကြီးဟု ဘွဲ့အမည်ထင်ရှားခဲ့ပါသည်။ သိမ်ဖြူတော်ကြီးတည်ရှိမှုနှင့် ဘွဲ့အမည် ကိုအစွဲပြုလျက် သိမ်ဖြူတော်ကြီး တည်ရှိရာကျောင်းတိုက်ကို ဒေဝသာဂရသိမ်ကုန်းကျောင်းတိုက်၊ သိမ်ဖြူတော်ကြီးအရှေ့မှ လမ်းမကြီး ကို သိမ်ဖြူလမ်း၊ သိမ်ဖြူတော်ကြီးတည်ရှိရာ ရပ်ကွက်ကို သိမ်ဖြူ ရပ်ကွက်ဟု ယနေ့တိုင် ထင်ရှားခဲ့သည်။ သိမ်ဖြူတော်ကြီးအနီးရှိ ယခင် သိမ်ဖြူဆရာတော်ကြီးသီတင်းသုံးလျက်ရှိသော ကျောင်းတိုက် အား ပြုပြင်တည်ဆောက်ခြင်း၊ အိန္ဒိယနိုင်ငံ ၏ဆေးဝါးကုထုံးနည်း များကို အခြေခံပြီး ရောဂါဝေဒနာရှင်များအား ဆေးကုသခြင်းပြုခဲ့မှ အပေါ်မူတည်လျက် သိမ်ဖြူကျောင်းတိုက်သိမ်ဖြူဆရာတော်ဟူသော ဘွဲ့အမည်များသည်လည်း သိမ်ဖြူတော်ကြီးကို အခြေခံ အစပြု၍ ပေါ်ပေါက်လာသော အမည်များဖြင့် ထင်ရှားခဲ့သည်။ သိမ်ဖြူတော် ကြီးတည်ရှိရာ သိမ်ကုန်းကျောင်းတိုက် ကုန်းမြင့်ပေါ်သို့ တက်ရောက် သည့် မြောက်ဘက်လှေခါးထိပ်တွင် မူလက ဘီလူးမရုပ်ထုရှိခဲ့သဖြင့် ကုန်းတော်၏ တောင်ဘက်ရှိဈေးကို ဘီလူးမဈေးဟု ဦးစွာခေါ်တွင် ခဲ့သည်။ နောက်တွင် ထင်ရှားသော သိမ်ဖြူတော်ကြီးကို အစွဲပြုလျက် သိမ်ဖြူဈေးဟု ခေါ်တွင်ခဲ့ကြသည်။ အင်္ဂလိပ်တပ်များ ရန်ကုန်မြို့သို့ သိမ်းပိုက် အုပ်စိုးစဉ်ကာလ၌ မူလက ဒီရေအတက်အကျရှိသည့် မြေနိမ့်ပိုင်းတို့ကို တောင်ကုန်းများ ဖြိုချလျက် မြေဖို့ကာ တည်ထောင် ခဲ့သည့်ရပ်ကွက်ကို ယနေ့တိုင် ဖို့မြေရပ်ကွက်ဟု ခေါ်တွင်ခဲ့ကြသည်။

ရန်ကုန်မြို့အား ပုံစံချပြီးတည် ဆောက်စဉ်က ဆူးလေစေတီတော်အား ဗဟိုပြု၍ တည်ဆောက်ခဲ့ကြောင်း ထိုအချိန်က ရန်ကုန်ဘူတာကြီး သည် ရန်ကုန်မြို့၏မြောက်ဘက် နယ်နိမိတ်အစွန်းတွင် ဖြစ်ပါသည်။ နယ်နိမိတ်များမှာ အရှေ့ဘက်တွင် ဘီအိုစီဓနိတော(သန်လျက်စွန်း)၊ အနောက်ဘက်တွင် (၁)လမ်း၊ တောင်ဘက်တွင် ကမ်းနားလမ်း၊ မြောက်ဘက်တွင် ရန်ကုန်ဘူတာနှင့် မီးရထားလမ်းတလျှောက် အတွင်းပိုင်းတို့တွင် (၁)လမ်းမှ (၈၆)လမ်းအထိ ပုံစံချပြီး တည် ဆောက်ထားပါသည်။ မြို့တော် စတင်တည်ဆောက်စဉ်က ရန်ကုန် ဘူတာကြီးအတွင်းပိုင်း (လက်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး)၏ မီးရထားခုံးတံတားထိပ်ရှိ ပြည်သူ့ကုန်တိုက်နေရာတွင် ကွမ်းခြံကြီး များ ရှိသဖြင့် ရန်ကုန်ဘူတာကြီးအား ကွမ်းခြံဘူတာဟု ခေါ်ဆိုခဲ့ ကြောင်း သိရှိရပါသည်။ ထိုအချိန်က မင်္ဂလာတောင်ညွန့်မြို့နယ်၏ ဧရိယာသည် မြေရိုင်းများအဖြစ်သာ တည်ရှိနေပြီး ရန်ကုန်ဘူတာကြီး ၏ မြောက်ဘက်တွင် ဦးစွာ ဆင်ခြေဖုံးရပ်ကွက်တစ်ခု စတင်ပေါ် ပေါက်ခဲ့ပါသည်။ ယခုအခါ ကန်တော်ကလေးတောင်ပိုင်းရပ်ကွက် အဝန်းအဝိုင်းနေရာဖြစ်ပါသည်။ ၎င်းရပ်ကွက်တွင် သဲဖြူချောင်းငယ် တစ်ခုရှိ၍ သဲဖြူချောင်းရပ်ကွက်ဟု အမည်တွင်ခဲ့ပါသည်။

တော်လှန်ရေးကောင်စီမှ နိုင်ငံတော်အခြေအနေကို ထိန်းသိမ်းသည့်အချိန်မှစ၍ ရန်ကုန်မြို့ကို တိုင်းအဖြစ် ပြောင်းလဲသတ်မှတ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ လူနေရပ်ကွက်များကို ဒေသ စိတ်နယ်မြေများအဖြစ် ပြုပြင်ပြောင်းလဲ သတ်မှတ်လိုက်သောအခါ မင်္ဂလာတောင်ညွန့်မြို့နယ်၏ အထက်ဖော်ပြပါ နယ်နိမိတ်အတွင်း ပါဝင်သော ရပ်ကွက်များ၊ အပိုင်းများအဖြစ် စုစည်း၍ မင်္ဂလာ တောင်ညွန့်ဒေသစိတ်အဖြစ် သတ်မှတ်လိုက်ပါသည်။ မင်္ဂလာ တောင်ညွန့်ဒေသစိတ်နှင့် တာမွေဒေသစိတ် နှစ်ခုပေါင်း၍ အမှတ်(၉) နယ်မြေဟု သတ်မှတ်ခဲ့ပါသည်။ စနစ်သစ်အုပ်ချုပ်ရေး စတင်သည့် ၁၉၇၂ ခုနှစ်၊ ဩဂုတ်လမှစ၍ မင်္ဂလာတောင်ညွန့်ဒေသစိတ်ကို သီးခြားအုပ်ချုပ်ရေးမြို့နယ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်သဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်အဖြစ် ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၀.၄.၁၉၇၄ ရက်စွဲပါစာအမှတ် ၂/၁၁၉/အလ(၂)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြေညာစာအရ ရပ်ကွက်(၂၀)ဖြင့် ဖွဲ့စည်းထားသည်။

Attractions in မင်္ဂလာတောင်ညွန့်