"မြန်အောင်"

မြန်အောင်မြို့နယ်သည် ရပ်ကွက် ၁၅ ခု၊ ကျေးရွာအုပ်စု ၅၈ စု၊ ကျေးရွာပေါင်း ၄၉၄ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၂၂၈၂၃၄ ကျော်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၁၅.၂၃၂ စတုရန်းမိုင်ရှိပါသည်။ မြန်အောင်မြို့နယ်၏ အရှေ့ဘက်တွင် ဧရာဝတီမြစ် နှင့် တောင်ဘက်တွင် အင်္ဂပူမြို့နယ်တို့နှင့် ထိစပ် လျက်ရှိပါသည်။ အနောက်ဘက်တွင် ရခိုင်ရိုးမနှင့် ထိစပ်လျက် ရှိပြီး မြောက်ဘက်တွင် ကြံခင်းမြို့နယ် တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။

မြန်အောင်မြို့နယ်၏ အရှေ့ဘက်တွင်ဧရာဝတီမြစ်သည် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပြီး ဧရာဝတီမြစ်ရိုးတစ်လျှောက် မြောက်မှတောင်သို့ မြေမျက်နှာသွင်ပြင် ညီညာပြန့်ပြူးမှုရှိပြီး မြို့နယ်၏အနောက်ဘက်တွင် ကုန်းမြင့်များ၊ တောင်ကုန်း၊ တောင်စွယ်များတည်ရှိသည်။ မြို့နယ်အတွင်း မမြချောင်း၊ ပဲစေ့ချောင်း များသည် အနောက်မှအရှေ့သို့ စီးဆင်းလျက်ရှိပါသည်။

မြန်အောင်မြို့နယ်၏မြောက်ဘက် ကြံခင်းမြို့နယ်၏နယ်စပ်တွင် ဖားတရှဉ်းချောင်းသည် မြို့နယ်နှင့်ထိစပ်ဧရိယာ ၄ မိုင်ခန့် အနောက်မှ အရှေ့သို့ စီးဆင်းပါသည်။ မြို့နယ်အတွင်း ထင်ရှားသောချောင်းအဖြစ် မမြချောင်းသည် အနောက်ဘက် ရခိုင်ရိုးမတွင် ချောင်းဖျားခံ၍ မြို့နယ်အတွင်း ၃၅ မိုင်ခန့် ကွေ့ကောက်ဝင်ရောက်စီးဆင်းကာ အင်္ဂပူမြို့နယ်အတွင်း ဆက်လက်ဖြတ်သန်း စီးဆင်းပါသည်။

ဒေသသမိုင်းအကျဉ်း

တတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် ရွှေဘိုမြို့ကို အခြေခံပြီး မြန်မာနိုင်ငံတဝှမ်းလုံးကို စည်းရုံး သိမ်းသွင်းခဲ့ရာတွင် ဟံသာဝတီ မွန်တပ်များကို ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်း တိုက်ခိုက်ခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၁၁၁၆ခုနှစ်၊ တပေါင်းလပြည့်ကျော်(၇)ရက်နေ့တွင် ပုဂံခေတ်အခေါ် ဂူထွဋ်မြို့၊ ညောင်ရမ်းခေတ် အခေါ်လွန်ဆေးမြို့ သို့ တပ်တော်ဆိုက်ရောက်သိမ်းပိုက်တော်မူခဲ့ပါသည်။ ထိုမှအစပြု၍ ဂူထွဋ် (ခေါ်) လွန်ဆေးမြို့တွင် ရန်အပေါင်းတို့ကို အလျှင်အမြန်အောင်မြင်တော်မူသည့် အထိမ်းအမှတ်အဖြစ် မြို့အမည် ကို မြန်အောင်မြို့ ဟု ပြင်ဆင်ခေါ်ဝေါ်သမုတ်ခဲ့ရာ ယနေ့တိုင်ဖြစ်ပါသည်။ မြန်အောင်မြို့ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၂၈-၂-၁၉၇၃ ရက်စွဲပါစာအမှတ်၊ ၁၀၃ / ၂၂ / စိတ် (၁) ဖြင့်ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာနှင့် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၃၀-၄-၇၃ ရက်စွဲပါစာအမှတ်၊ ၁၀၃ / ၂၂ / စိတ်(၁)ဖြင့်ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာ(ပြင်ဆင်ချက်)အရဖွဲ့စည်းခဲ့သည်။ ကနောင်မြို့ကို ပြည်ထဲရေး နှင့်သာသနာရေးဝန်ကြီးဌာန၏ ၃-၉-၁၉၇၃ ရက်စွဲပါစာအမှတ်၊၂/၂၇၁ / အထ(၂)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ဖွဲ့စည်းခဲ့သည်။ အင်ပင်မြို့ကို ပြည်ထဲရေးဝန်ကြီးဌာန၏(၆-၉-၂၀၁၈) ရက်စွဲပါစာ အမှတ်၊ ပထရ/ဖ(၂၆၇)/ရေး ၁ ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ဖွဲ့စည်းပါသည်။

Attractions in မြန်အောင်