"ဒလ"

ဒလမြို့နယ်သည် ရှေးနှစ်ပေါင်းများစွာကပင် မွန်တို့တည်ထောင်ထားသော နိုင်ငံဖြစ်ပါသည်။ အေဒီ ၁ ရာစုမှ ၉ ရာစု အလယ်ပိုင်းခန့်အထိ သုဝဏ္ဏဘူမိနိုင်ငံ၏ မြို့ပြနိုင်ငံတစ်နိုင်ငံအဖြစ် ထင်ရှားခဲ့ပါသည်။ မြန်မာတစ်လှည့်၊ မွန်တစ်လှည့်၊ မြို့စား၊ မြို့ခံ၊ မြို့ဝန်များ ပြောင်းလဲအုပ်ချုပ်ခဲ့သည်။ဒလကို ပုဂံခေတ်တွင် တလဟု ခေါ်ဆိုပြီး၊ မွန်ဘာသာစကားအရ တလကို တုန်တလဲ့ဟုခေါ်ဆိုကြောင်း၊ တုန်တလဲ့မှာ သူရဲကောင်းမြို့ဟု အဓိပ္ပာယ်ရကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ ဒလမြို့နယ်တွင် ရပ်ကွက် ၂၄ ခု၊ ကျေးရွာအုပ်စု ၂၃ စု၊ ကျေးရွာပေါင်း ၅၄ ရွာပါဝင်ပြီး လူဦးရေပေါင်း ၁၆၀၀၀၀ ကျော် နေထိုင်ပါသည်။ ဒလမြို့နယ်သည် အရှေ့မှအနောက်သို့ ၇ မိုင်၊ တောင်မှမြောက်သို့ ၁၀ မိုင်ရှည်လျားပြီး ၈၆.၅၁ စတုရန်းမိုင်ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ရန်ကုန်မြစ်ဝ၊ တောင်ဘက်တွင် ကော့မှူးမြို့နယ်၊ အနောက်ဘက်တွင် တွံတေးမြို့နယ်၊ မြောက်ဘက်တွင် ရန်ကုန်မြစ်တို့ တည်ရှိပါသည်။ ဒလမြို့နယ်သည် မြစ်ချောင်းများပေါများပြီး ကမာအောင်ချောင်း၊ ဒေါ်သာချောင်း၊ အလံငူချောင်း၊ သခွပ်ချောင်းတို့မှာ ထင်ရှားသော ချောင်းများဖြစ်သည်။ ၎င်းချောင်းများသည် ဒလမြို့နယ်အတွင်းမှဖြတ်၍ တောင်မှမြောက်သို့ စီးဆင်းပါသည်။ ဒေသအတွင်းရှိ ရေအရင်းအမြစ် အများစုမှာ ရေငံများဖြစ်၍ မိုးရာသီမှသာ တုံးတင်ဂံရေတံခါးမှ ရေသိုလှောင်မှုစနစ်ဖြင့် စိုက်ပျိုးရေးအတွက် စိုက်ပျိုးရေအဖြစ် သုံးစွဲပါသည်။ ဒလမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၁၂.၂၁၄ ပေ အထက်တွင် တည်ရှိပါသည်။ ဒလမြို့နယ်သည် သမပိုင်းရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၀˚C ဖြစ်သည်။ ဒလမြို့နယ်သည် စီးပွားရေး အချက်အချာကျပြီး ကုန်းလမ်း၊ ရေကြောင်းလမ်းများဖြင့် သွားလာနိုင်သောကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်သည်။ ဒလမြို့နယ်မှ ဆံတော်ရှင် ရွှေစာရံ စေတီတော်မြတ်ကြီးမှာ ထင်ရှားပါသည်။

Attractions in ဒလ