"တန့်ယန်း"

တန့်ယန်းမြို့နယ်သည် ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၄၉ စု၊ ကျေးရွာပေါင်း ၆၀၁ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၇၄၂၆၇ ကျော် နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှအနောက်သို့ ၄၂  မိုင်နှင့် တောင်မှမြောက်သို့ ၇၈ မိုင် ရှည်လျားပြီး မြို့နယ်ဧရိယာအကျယ်အဝန်းမှာ ၁၈၁၈.၈၄၀ စတုရန်းမိုင်ရှိသည်။ တန့်ယန်းမြို့နယ်၏ အရှေ့ဘက်တွင်သံလွင်မြစ်၊ အနောက်ဘက်တွင် မိုင်းရယ်မြို့နယ်၊ တောင်ဘက်တွင် မိုင်းရှူးမြိုနယ်၊ မြောက်ဘက်တွင် လားရှိုးမြို့နယ်တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိပါသည်။ တန့်ယန်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၃၁၁၆ ပေတွင် တည်ရှိပါသည်။

တန့်ယန်းမြို့နယ်သည် တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ် ပေါများပြီး မြေပြန့်လွင်ပြင် အနည်းငယ်သာရှိပါသည်။ မြောက်ဘက်ဒေသ တွင် မြောက်မှတောင်သို့ သွယ်တန်းနေသည့် ပေ ၈၀၀၀ ကျော်မြင့်သော “လွယ်လင်းတောင်” အပါအဝင် သက်ရင့်ကျောက်တောင်များ ရောစပ် တည်ရှိပါသည်။ မြို့နယ်အတွင်း ထင်ရှား သောချောင်းမှာ နမ့်ပန်ချောင်းဖြစ်ပြီး လွယ်ဝေါအုပ်စု၊ မန်ပန်ကျေးရွာမှ ချောင်းဖျားခံ၍ မန်ကတ်အုပ်စု၊ နားငွေးအုပ်စု၊ နားဟုတ်အုပ်စု၊ လုံပုန်း အုပ်စုသို့ဖြတ်ပြီး နမ့်လောင်းချောင်းနှင့် ပေါင်းစပ်ကာ မြောက်မှတောင်သို့ စီးဆင်းပါသည်။ ဟိုပတ်အုပ်စု နမ့်ပတ်ချောင်းသည် မိုင်းပတ်အုပ်စု၊ နားငွေးအုပ်စုသို့ဖြတ်၍ နမ့်ပန်ချောင်းအတွင်းသို့ စီးဆင်းခြင်းနှင့် နမ့်ဟောင်ချောင်းသည် မိုင်းကျိုင်အုပ်စု၊ လွယ်ဝိန်းရွာနှင့် နောင်ဖာအုပ်စု ဖန်ယင်၊ မန်ငုံးရွာမှ ချောင်းဖျားခံပြီး အမှတ်(၆)ရပ်ကွက်၊ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်အနီးဖြတ်၍ ဟိုတာ အုပ်စု၊ မိုင်းငုံးရွာသို့ စီးဆင်းပါသည်။

ဒေသသမိုင်းအကျဉ်း

တန့်ယန်းမြို့နယ်သည် မြန်မာသက္ကရာဇ် ၁၃၀၄ ခုနှစ် မတိုင်မီက ‘တန့်ယန်း’ဟု ခေါ်ဝေါ်သမုတ်ခြင်းမရှိသေးပါ။ ယခင်ကာလတွင် ကျေးရွာအုပ်စု အသင့်အတင့်သာရှိပြီး မြို့စား၊ နယ်စားများက ပဒေသရာဇ် စနစ်ဖြင့် အုပ်ချုပ်ခဲ့ပါသည်။ တန့်ယန်းမြို့ တည်နေရာ ဒေသသည် ချိုင့်ဝှမ်း ဒေသတွင် တည်ရှိခြင်းကြောင့် ချိုင့်ဝှမ်းကိုရှမ်းဘာသာဖြင့် (ခုပ်ယမ်း)၊ (တုန်ယမ်း)၊ (တုန့်ယမ်း) စသည်ဖြင့် အဓိပ္ပါယ်သက်ရောက်ပြီး ကာလရွေ့လျားသောအခါ ‘တန့်ယန်း’ဟု ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ တစ်ဖန် နှုတ်ဒဏ္ဍာရီများအရ ရှေးအခါက လူရိုင်းများသည် ဆင်ကြီးတစ်ကောင်အား လိုက်လံရှာဖွေသတ်ဖြတ်ပြီး ချက်ပြုတ်စားသောက်ခဲ့ရာမှ ဝမ်းဗိုက်နာ ခြင်း၊ ဝမ်းတွဲကျခြင်းများရှိခဲ့သောနေရာကို‘တောင့်ယန်း'ဟု သတ်မှတ်ခဲ့ကြောင်း ၎င်းမှတစ်ဆင့် ပြောင်းလဲကာ ‘တန့်ယန်း’ဟု ဖြစ်ပေါ်လာခဲ့သည်ဟုဆိုပါသည်။ ၁၃၀၄ ခုနှစ် မတိုင်မီက ‘တန့်ယန်း’၏ နယ်နိမိတ် အကျယ်အဝန်းမှာ ယခုလက်ရှိ ‘တန့်ယန်းမြို့’ ၁၀ ရပ်ကွက်နှင့် ၆ မိုင် ပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်စုများသာ ဖြစ်ပါသည်။ ၎င်းကိုစဝ်မိန်း(ခေါ်) မြို့စားငယ်များ အုပ်ချုပ်ခဲ့ကြပါသည်။ တန့်ယန်းမြို့သည် ယခင်က “သိန်းနီစော်ဘွားပိုင်’ဖြစ်ပြီး မိုင်းရယ်မြို့နယ် ၏ လက်အောက်ခံမြို့စား အဆင့်ဆင့်ဖြင့် ၁၉၅၈ ခုနှစ် ထိ အုပ်ချုပ်ခဲ့သောမြို့ ဖြစ်ပါသည်။

Attractions in တန့်ယန်း