"ရွာငံ"

ရွာငံမြို့နယ်အား ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန (ထွေ/အုပ် ဦးစီးဌာန) ၏ (၇.၇.၁၉၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ရွာငံမြို့ အဖြစ် သတ်မှတ်ခဲ့ပါသည်။ ရွာငံမြို့နယ်သည် အရှေ့မှအနောက်သို့ ၂၅ မိုင်၊ တောင်မှ မြောက်သို့ ၆၇ မိုင် ရှည်လျားပြီး ၁၀၂၅.၉၆ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် ရပ်စောက်မြို့နယ်၊ တောင်ဘက်တွင် သာစည်မြို့နယ်၊ အနောက်ဘက်တွင်မြစ်သားမြို့နယ်၊ မြောက်ဘက်တွင် ကျောက်ဆည်မြို့နယ်တို့ တည်ရှိသည်။ ရွာငံမြို့နယ်တွင် ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၂၈ စု၊ ကျေးရွာပေါင်း ၁၂၅ ရွာပါဝင်ပြီး လူဦးရေပေါင်း ၈၄၀၀၀ ကျော် နေထိုင်ပါသည်။ တောင်ကုန်း၊ တောင်တန်းပေါများပြီး တောင်တန်းဒေသ၊ ကုန်းမြင့်ဒေသ၊ မြေနိမ့်ဒေသဟူ၍ သုံးပိုင်း ခွဲခြား နိုင်သည်။ တောင်တန်းဒေသတွင် မဲနယ်တောင်တန်း (ခ) “ယ”တောင်တန်း၊ မိုးလုံးဟိန်းတောင်တန်း၊ ငှက်ကြီးလည်ဆွဲ တောင်တန်းတို့ တည်ရှိသည်။ ကလောမြို့နယ်အတွင်းမှ ရွာငံမြို့နယ်ရေဦးဒေသအထိ မိုင် ၅၀ ခန့် ကျယ်ဝန်းသော ကုန်းမြင့် လွင်ပြင်များ ရှိပါသည်။ ပန်းလောင်မြစ်ဖျားဒေသ ရနဲအုပ်စု၊ ဇော်ဂျီမြစ်ဝှမ်းဒေသနှင့် မြို့ကြီးဒေသတို့မှာ မြေနိမ့်ဒေသများ ဖြစ်သည်။ ရွာငံမြို့နယ်တွင် မြစ်ချောင်းများ နည်းပါးပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ ဇော်ဂျီမြစ်နှင့် ပန်းလောင်မြစ်တို့မှာ ထင်ရှားပြီး ဇော်ဂျီမြစ်သည် ရပ်စောက်မြို့နယ်မှ စီးဆင်းလာပြီး မြို့ကြီးဒေသသို့ ဖြတ်သန်း စီးဆင်းပါသည်။ ပန်းလောင်မြစ်မှာ အရှေ့မြင်အနောက်မြင်ဒေသမှ မြစ်ဖျားခံပြီး ရနဲဒေသမှ တဆင့်ကင်းတား ဆည်ထဲသို့ စီးဝင်ပါသည်။ ဇော်ဂျီမြစ်နှင့် ပန်းလောင်မြစ်မှ ရေများသည် ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုပါသည်။ ဇော်ဂျီမြစ်သည် နွေရာသီတွင် ရေအနက် ၃ ပေခန့်သာ ရှိသောကြောင့် စက်လှေများ မသွားလာနိုင်ပဲ ပန်းလောင်မြစ်တွင်လည်း စက်လှေများ သွားလာနိုင်ခြင်းမရှိပါ။ ရွာငံမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၄၀၈၂ ပေ အထက်တွင် တည်ရှိသည်။ အရှေ့မြင်အနောက်မြင်တောင် (၇၇၅၂ ပေ) ဖြစ်သည်။ အေးသော ရာသီဥတုရှိပြီး အနိမ့်ဆုံး အပူချိန်မှာ ၃˚C ဖြစ်သည်။ ရွာငံမြို့နယ်သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းတွင် တည်ရှိပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခု ဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။ ရွာငံမြို့နယ်မှ ရှမ်းပြည် မြောက်ပိုင်းနှင့်တောင်ပိုင်းသို့လည်းကောင်း၊ မြန်မာပြည် အလယ်ပိုင်းသို့ လည်းကောင်း ကားလမ်းများဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ အဓိက ထွက်ကုန်များမှာ ကော်ဖီ၊ လက်ဖက်၊ လိမ္မော်၊ သံပုရာ၊ အာလူး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီတို့ဖြစ်သည်။ ရွာငံမြို့နယ်မှ ပြဒါးလင်းဂူ၊ မိန်းမရဲသခင်မတောင်၊ မြသပိတ် ရေပြာအိုင်တို့မှာ သွားရောက်လည်ပတ်သင့်သော နေရာများဖြစ်သည်။

Attractions in ရွာငံ