ကာကွယ်ဆေးရောက်တော့မယ်ဆိုပြီး မပေါ့ပါနဲ့

29-Jan-2021

ကာကွယ်ဆေးရောက်တော့မယ်ဆိုပြီး မပေါ့ပါနဲ့၊ ပေါ့ပေါ့ဆဆမနေပါနဲ့လို့ ကျွန်မတိုက်တွန်းပါရစေ။ ဒါဟာ သိပ်ပြီးတော့ အရေးကြီးပါတယ်။ စောစောက ကျွန်မပြောတဲ့ အတိုင်းပဲ၊ နှစ်ကြိမ်ထိုးမှ ဒီကာကွယ်ဆေးဟာ ထိရောက်မှာပါ။ တစ်ကြိမ်နဲ့ တစ်ကြိမ် ကြားထဲမှာလည်း ၂၈ ရက်စောင့်ရပါတယ်။ ဒီတော့ ပထမဦးဆုံး ထိုးပေး လိုက်တဲ့ နောက်အပတ်မှာစပြီး ပထမဆုံးထိုးပေးလိုက်တဲ့ အုပ်စုဟာ ပထမတစ်ကြိမ်ထိုးပြီးတာနဲ့ ပြီးသွားပြီ ဆိုပြီးတော့ အေးအေးဆေးဆေးနေလို့မဖြစ်ပါဘူး။ ကျွန်မတို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဆက်ပြီးတော့ မိမိကိုယ်ကိုယ်မိမိ ကာကွယ်သွားရမှာ ဖြစ်ပါတယ်။ မျက်နှာဖုံးတပ်ရမယ်၊ လက်ဆေးရမယ်၊ လူစုလူဝေးကြားထဲမှာ မသွားရဘူး၊ ခပ်ခွာခွာနေရမယ် စသဖြင့်ပေါ့။ ဒီအခြေခံစည်းမျဉ်းစည်းကမ်းတွေကိုဆက်ပြီးတော့ လိုက်နာသွားဖို့ လိုပါတယ်။ အဲဒါပြီး ၂၈ ရက် အကြာမှာ ဒုတိယအကြိမ်ထိုးရပါမယ်။ ပထမအကြိမ် ထိုးပြီးတော့ ပေါ့ဆပြီး စည်းမျဉ်းစည်းကမ်းတွေအရ မနေ လို့၊ စည်းမျဉ်း စည်းကမ်းတွေကို အလေးမထားလို့ အဲဒီကြားထဲမှာ ရောဂါဖြစ်မယ်ဆိုရင် ဘယ်လောက် နှမြောစရာ ကောင်းမလဲ။ ကျွန်မတို့ ပထမအကြိမ်ထိုးပေးတဲ့ ဆေးကလည်း အဟောသိကံ ဖြစ်သွားမယ်။ နောက် ၂၈ ရက် စောင့်ရုံလောက်နဲ့ ကာကွယ်ဆေးရဲ့အာနိသင်အပြည့်အဝရနိုင်မယ့် အခွင့်အရေးကိုလည်း လွတ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုကတည်းကနေပြီး သတိပေးပါရစေ။ ပထမအကြိမ်ထိုးပြီးရင် ပိုပြီးတော့တောင်မှ သတိထားဖို့ လိုပါတယ်။ တန်အောင်လို့။ ပထမအကြိမ်ထိုးခဲ့ရကျိုးတန်အောင်လို့ အထူးသတိထားပါ။ ဒါမှ ဒုတိယအကြိမ်လည်း ထိုးလိုက်ရော ဒါဟာကာကွယ်ဆေးရဲ့ အာနိသင်ကို အပြည့်အဝရမှာ ဖြစ်ပါတယ်။

(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၁-၁-၂၀၂၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)