တစ်ကိုယ်တည်း သီးသန့်ခွဲနေရတဲ့ ယူကေဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်

17-Nov-2020

ယူကေဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ကိုဗစ်-၁၉ ရောဂါပိုး ရှိတယ်လို့ ဓာတ်ခွဲ အတည်ပြု ခံထားရသူ ပါလီမန်အမတ် တစ်ဦးနဲ့ တွေ့ဆုံခဲ့အပြီးနောက်ပိုင်း ဒေါင်းနင်းလမ်း နေအိမ်မှာ တစ်ကိုယ်တည်း သီးသန့်ခွဲနေ၊ အလုပ်လုပ်ရတဲ့ ပထမဆုံးနေ့မှာ သူအတော့်ကို နေထိုင်ကောင်းပါတယ်လို့ ထုတ်ဖော် ပြောလိုက်ပါတယ်။

တနင်္လာနေ့မှာ သူ့ရဲ့ တွစ်တာပေါ်မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာ ဝန်ကြီးချုပ်က တခြားသူတွေလည်း ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့မိလို့ ဗြိတိန်နိုင်ငံရဲ့ ခြေရာခံတဲ့ NHS Test and Trace စီမံကိန်းက ဆက်သွယ် အကြောင်းကြားလာမယ် ဆိုရင် သူ့လိုပဲ စည်းမျဉ်းတွေကို လိုက်နာပြီး တစ်ကိုယ်တည်း သီးသန့်ခွဲနေကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီစီမံကိန်းက တနင်္ဂနွေနေ့က သူ့ကို ခြေရာခံ လိုက်ရှာပြီး သီတင်း နှစ်ပတ် တစ်ကိုယ်တည်း သီးသန့်ခွဲနေဖို့ အကြောင်းကြားခဲ့တယ်လို့ ဝန်ကြီးချုပ် ဂျွန်ဆင်က ပြောပါတယ်။

ကြာသပတေးနေ့က ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ ပါလီမန်အမတ် လီးအန်ဒါဆန်နဲ့ ၃၅ မိနစ်လောက် တွေ့ဆုံ စကားပြောခဲ့ပါတယ်။ နောက်တစ်ရက်မှာ မစ္စတာ အန်ဒါဆန်ဟာ အနံ့အရသာ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။

ယူကေအစိုးရအဖွဲ့တွင်း အငြင်းပွားမှုတွေ၊ ရာထူးနေရာ အပြောင်းအလဲတွေ အကြီးအကျယ် ဖြစ်ခဲ့အပြီး ပေါ်လစီမူဝါဒတစ်ခု ပြင်ဆင်ရေးဆွဲဖို့ စီစဉ်နေချိန်မှာပဲ ဝန်ကြီးချုပ် ဂျွန်ဆင် အခုလို တစ်ကိုယ်တည်း သီးသန့်ခွဲနေဖို့ ဖြစ်လာခဲ့တာပါ။

ယူကေနိုင်ငံအတွက် ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ အရေးကြီးတဲ့ အစီအစဉ် အသေးစိတ်ကို အခုသီတင်းပတ်မှာ ဆက်တိုက် ထုတ်ဖော်ကြေညာသွားဖို့ ရှိတယ်လို့ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

ဝန်ကြီးချုပ် ဂျွန်ဆင် ဟာ အရေးကြီးတဲ့ ကိုဗစ်အစည်းအဝေးတွေကို ကြီးကြပ်ဆောင်ရွက်သွားမှာ ဖြစ်ပြီး စီးပွားရေးဝန်ကြီး ရီရှီ ဆူနက် က တိုင်းပြည်ကို ပိုကောင်းအောင် ပြန်လည်ထူထောင်ဖို့ ဝန်ကြီးချုပ်ရဲ့ ကတိကို အကောင်အထည်ဖော်နိုင်ရေးမှာ ကုန်ကျမယ့် အသုံးစရိတ် သုံးသပ်မှုမှာ တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟာ အခုတော့ ဒေါင်းနင်းလမ်းက သူ့ရဲ့ နေအိမ်တိုက်ခန်းကနေ အလုပ်လုပ်ပါလိမ့်မယ်။

လွန်ခဲ့တဲ့ ၇ လလောက်တုန်းကလည်း ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး အထူးကြပ်မတ် ကုသဆောင်ထဲမှာ ၃ ည နေခဲ့ရပါတယ်။

အဲဒီတုန်းက သူ မတော်တဆ တိမ်းပါးသွားနိုင်တယ်လို့ ဝန်ကြီးချုပ် ဂျွန်ဆင်က နောက်ပိုင်းမှာ ပြောခဲ့ပြီး သူ့အသက်ကို ကယ်ခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ် အခုလို တစ်ကိုယ်တည်း သီးသန့် ခွဲနေရတာကြောင့် အလုပ်ကို ထိခိုက်မှာ မဟုတ်ဘဲ ချမှတ်ထားတဲ့ အစီအစဉ်တွေအတိုင်း သူ ရှေ့တိုးလုပ်ဆောင်သွားနိုင်စွမ်း ရှိပါလိမ့်မယ်လို့ ဘီဘီစီ မနက်ခင်း သတင်းနဲ့ မေးမြန်းခန်းမှာ ဗြိတိန် ကျန်းမာရေး ဝန်ကြီး မက် ဟန်ကော့ခ် က ပြောသွားပါတယ်။

ပါလီမန်အမတ် လီးအန်ဒါဆန်နဲ့ ဝန်ကြီးချုပ် ဂျွန်ဆင်တို့ တွေ့ဆုံခဲ့ချိန်တုန်းက ခပ်ခွာခွာနေဖို့ စည်းမျဉ်းတွေကို လိုက်နာခဲ့ကြသလား ဆိုတဲ့ မေးခွန်းကိုတော့ သူက ကိုဗစ်ရောဂါ မကူးစက်အောင် စိတ်ချရတဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်ဖို့ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးတဝိုက်မှာ စည်းမျဉ်းတွေ ချမှတ်ထားတယ်လို့ ပြန်ဖြေခဲ့ပါတယ်။

အဓိက အရေးကြီးတာက ကိုယ် ဘယ်လိုပုဂ္ဂိုလ်ကြီးပဲ ဖြစ်နေနေ၊ NHS Test and Trace က ကိုယ့်ကို ဆက်သွယ်လာပြီး တစ်ကိုယ်တည်း သီးသန့်ခွဲနေဖို့ အကြောင်းကြားလာရင် အဲဒီအတိုင်း လုပ်ဖို့ပါပဲ လို့ သူက ပြောပါတယ်။

"ဒီနိုင်ငံမှာ ဝန်ကြီးချုပ်ပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် စည်းမျဉ်းဥပဒေက တစ်ခုတည်း ရှိပြီး အဲဒီအတိုင်း အားလုံး လိုက်နာကြရမှာပါ"

ရောဂါပိုးခုခံနိုင်တဲ့ ပဋိပစ္စည်းတွေ အများကြီးသွင်းထား

ဗီဒီယိုထဲမှာ ဝန်ကြီးချုပ် ဂျွန်ဆင်က "သတင်းကောင်းကတော့ ရောဂါပိုး ရှိသူနဲ့ ထိတွေ့ဆက်ဆံမိသူကို ခြေရာခံတဲ့ အင်္ဂလန်နိုင်ငံရဲ့ စီမံကိန်းက အများကြီး ထိရောက်တယ်ဆိုတာကို ပြနေတာ ဖြစ်ပြီး သတင်းဆိုးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော်နဲ့ ထိတွေ့ခဲ့သူမှာ ရောဂါပိုး ရှိနေတာကို ဒီစီမံကိန်းက ခြေရာခံမိခဲ့ပြီး ကျွန်တော် တစ်ကိုယ်တည်း သီးသန့်ခွဲနေရဖို့ဖြစ်လာရတာပါ" လို့ ပြောခဲ့ပါတယ်။

"ခပ်ခွာခွာနေဖို့ စည်းမျဉ်းတွေကို ကျွန်တော်တို့ လိုက်နာသည်ဖြစ်စေ၊ ကျွန်တော် ကြံ့ခိုင်သန်မာ၊ နေလို့ ကောင်းနေရင်ပဲ ဖြစ်စေ၊ ကျွန်တော် အရင်က ကိုဗစ်ရောဂါ ဖြစ်ခဲ့ဖူးပြီး ရောဂါပိုး ခုခံနိုင်တဲ့ ပဋိပစ္စည်းတွေ အများကြီး ထိုးထားရင်ပဲ ဖြစ်စေ ဘာကြီး ဖြစ်နေပါစေ၊ ရောဂါပိုး ဆက်ကူးစက်မပျံ့သွားအောင် လုပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တဲ့နည်းတွေထဲက တစ်နည်းကတော့ အခုအခါမှာ Test and Trace စီမံကိန်းက ဆက်သွယ် အကြောင်းကြားလာရင် ၁၄ ရက် တစ်ကိုယ်တည်း သီးသန့်ခွဲနေဖို့ ဖြစ်ပါတယ်"

ဗိုင်းရပ်စ် တားဆီးကာကွယ်မှုမှာ ယူကေနိုင်ငံက တစ်ပန်းသာနေတဲ့အတွက် သူ့အနေနဲ့ အားတက်မိတယ်လို့ ဆိုပြီး အမြန်နှုန်း ဆေးစစ်မှုတွေ လုပ်နေနိုင်တာ၊ မကြာခင်မှာ ကိုဗစ်ကာကွယ်ဆေး တစ်မျိုး ထုတ်လုပ်နိုင်တော့မှာ တွေက အားတက်စရာ အကြောင်းတွေ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဂျွန်ဆင်က ပြောပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ခဲ့ဖူးသူတစ်ဦးရဲ့ ကိုယ်ခံအားအပေါ် ဘယ်လောက် တန်ပြန်ဆိုးကျိုးတွေ သက်ရောက်နိုင်သလဲ ဆိုတာ ခုချိန်ထိ အသေအချာ မသိရသေးပါဘူး။ ဒါပေမဲ့ ပြန်ကူးစက်ခံရမယ့် အလားအလာ သိပ်ကိုနည်းတယ်လို့ ကျွမ်းကျင်သူတွေက ယူဆထားကြောင်း ကျန်းမာရေးဆိုင်ရာ ဘီဘီစီသတင်းထောက် ဂျိမ်းစ် ဂါလက်ဂါ က ပြောပါတယ်။

တစ်ကိုယ်တည်း သီးသန့်ခွဲနေတယ်ဆိုတာ ဘယ်လိုမျိုးလဲ

တစ်ကိုယ်တည်း သီးသန့်ခွဲနေတယ် ဆိုတာက အိမ်ထဲမှာပဲ နေပြီး အပြင်ကို လုံးဝမထွက်တာမျိုးပါ။ အစားအစာ၊ ဆေး ဒါမှမဟုတ် တခြားမရှိမဖြစ် လိုတဲ့ ပစ္စည်း စတာတွေကိုတောင် ထွက်ဝယ်တာမျိုး၊ အပြင်ထွက် လေ့ကျင့်ခန်း လုပ်တာမျိုးတွေ မလုပ်ရပါဘူး။

တကယ်လို့ တစ်ကိုယ်တည်း သီးသန့်ခွဲနေဖို့ NHS Test and Trace စီမံကိန်း ဒါမှမဟုတ် NHS Covid-19 app ကနေ အကြောင်းကြားလာမယ် ဆိုရင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာနဲ့ နောက်ဆုံး ထိတွေ့ခဲ့တဲ့ နေ့ကနေ ၁၄ ရက်ကြာ တစ်ကိုယ်တည်း သီးသန့်ခွဲနေရမှာ ဖြစ်ပါတယ်။

တကယ်လို့ အဲဒီ ၁၄ ရက်အတွင်း ရောဂါ လက္ခဏာ ပြလာတယ်ဆိုရင် ရောဂါရှိမရှိ အမြန်ဆုံး ဆေးစစ်ရမှာ ဖြစ်ပါတယ်။

တကယ်လို့ ရောဂါမရှိဘူးလို့ အဖြေထွက်လာရင် ၁၄ ရက်ပြည့်တဲ့အထိ ကျန်တဲ့ရက်တွေမှာ တစ်ကိုယ်တည်း သီးသန့်ဆက်ခွဲနေရပါလိမ့်မယ်။

ရောဂါရှိတယ် ဆိုရင်တော့ ရောဂါလက္ခဏာ စပြတဲ့နေကနေ အနည်းဆုံး နောက်ထပ် ၁၀ ရက် တစ်ကိုယ်တည်း သီးသန့်ခွဲနေဖို့ လိုပါလိမ့်မယ်။

ကြာသပတေးနေ့တုန်းက အက်ရှ်ဖီးလ်ဒ် မဲဆန္ဒနယ်မြေရဲ့ ကွန်ဆာဗေးတစ် အမတ် မစ္စတာ လီးအန်ဒါဆန်က ဝန်ကြီးချုပ်နဲ့ မနက်စာ အတူစားခဲ့ကြတယ် ဆိုပြီး အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ ဝန်ကြီးချုပ် ဂျွန်ဆင်နဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာတော့ မစ္စတာ အန်ဒါဆင်က ကျန်းမာရေး မကောင်းတဲ့ သူ့ဇနီးရော သူပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဓာတ်ခွဲ အတည်ပြုသိခဲ့ရတဲ့အတွက် သီးသန့်ခွဲနေနေကြတယ်လို့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးတင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ညမှာ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ကိုဗစ်ရောဂါ အတည်ပြုလူနာတစ်ဦးဦးနဲ့ သူထိတွေ့မိခဲ့တာကြောင့် တစ်ကိုယ်တည်း သီးသန့်ခွဲနေဖို့ NHS Test and Trace စီမံကိန်းက သူ့ကို အကြောင်းကြားလာကြောင်းနဲ့ နံပတ် ၁၀ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်အိမ်ကနေ သူအလုပ်လုပ်သွားမှာ ဖြစ်ကြောင်း တွစ်တာပေါ်မှာ ရေးခဲ့ပါတယ်။

Crd BBC News