ရန်ကုန်တိုင်းဝန်ကြီးချုပ်သစ် ရွေးချယ်မှုအပေါ် လူထုစိတ်ဝင်စားမှု မြင့်တက်

27-Nov-2020

ဝေယံမိုးမြင့်

■ NLD အစိုးရသက်တမ်း ဒုတိယအကြိမ်မှာ နိုင်ငံလူဦးရေရဲ့ ၁၀ ပုံ ၁ ပုံကျော်ရှိပြီး လူဦးရေထူထပ်တဲ့ စီးပွားရေး မြို့တော် ရန်ကုန်ကို ဦးဆောင်မယ့် ရန်ကုန်တိုင်းဝန်ကြီးချုပ်နေရာအတွက် ဘယ်လိုပုဂ္ဂိုလ်ကို ရွေးချယ်မလဲဆိုတာ မြို့နေလူထုအပါအဝင် စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေက စိတ်ဝင်စားနေပါတယ်။

NLD အစိုးရအနေနဲ့ ရန်ကုန်မြို့ကို အပြောင်းအလဲကောင်းတွေနဲ့ ဦးဆောင်နိုင်မယ့်သူကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ပြည်ထောင်စုအဆင့်မှာ အစိုးရဖွဲ့နိုင်တဲ့ အရေအတွက် အနိုင်ရထားပြီးဖြစ်တဲ့ NLD ပါတီဟာ ၂၀၀၈ အခြေခံ ဥပဒေအရ တိုင်းနဲ့ပြည်နယ်တွေမှာ ဝန်ကြီးချုပ်တွေကို လာမယ့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ စိတ်ကြိုက် ရွေးချယ်ခန့်အပ်နိုင်တော့မှာဖြစ်ပါတယ်။

စီးပွားရေးမြို့တော်၊ ရန်ကုန်မှာ ဝန်ကြီးချုပ်ဖြစ်လာနိုင်မယ့်သူတွေကို ခန့်မှန်းချက်တွေ ဒီရက်ပိုင်းအတွင်း တော်တော်များများ တွေ့လာရပါတယ်။

NLD ရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ကတော့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တိုင်းနဲ့ ပြည်နယ်တွေက ဝန်ကြီးချုပ်တွေကို စိတ်ကြိုက် ရွေးချယ်ခန့်အပ်မှာဖြစ်တယ်လို့ သတင်း မီဒီယာတွေကို ထုတ်ပြောထားပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်တာကာလကို သင်ခန်းစာယူပြီး ပိုကောင်းတဲ့သူကို ရွေးချယ်နိုင်လိမ့်မယ်လို့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

"ပွင့်လင်းမြင်သာမှုက လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်တုန်းက အခြားပြည်နယ်နဲ့ တိုင်းတွေမှာ အစိုးရနဲ့ လွှတ်တော်ကြားပွတ်တိုက်မှု သိပ်မရှိခဲ့ပေမယ့်။ ရန်ကုန်တိုင်းမှာ ပွတ်တိုက်မှုတွေ အများကြီးဖြစ်ခဲ့တယ်၊ လွှတ်တော်နဲ့ ဝန်ကြီးချုပ်နဲ့ ငွေစာရင်းရှင်းတမ်းနဲ့ ပတ်သက်တာ မြို့ပြဖွံ့ဖြိုးရေးနဲ့ ပတ်သက်တာတွေ အများ ကြီးရှိခဲ့တယ်။ အခုနောက်တက်လာမယ့်အစိုးရမှာ ပြီးခဲ့တဲ့ ငါးနှစ်တာကို သင်ခန်းစာယူမယ်ထင်ပါတယ်။ တော်တဲ့ဝန်ကြီးချုပ်တွေ လုပ်ရည်ကိုင်ရည်ရှိမယ့်ဝန်ကြီးချုပ်တွေ ပေါ်ထွက်လာမယ်လို့ ထင်ပါတယ်။"

လက်ရှိမှာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နေရာအတွက် ဒဂုံမြို့နယ်က အနိုင်ရကိုယ်စားလှယ်၊ လက်ရှိ ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး ဦးရဲမင်းဦး ၊

ဒေါပုံမြို့နယ်က အနိုင်ရကိုယ်စားလှယ် လက်ရှိဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချို၊ သာကေတမြို့နယ်က အနိုင်ရ ကိုယ်စားလှယ် လက်ရှိ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း တို့ကို ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။

"ထင်ကြေးပေးနေကြတဲ့ ကိုရဲမင်းဦးနဲ့ ကိုပြုံးချို နှစ်ယောက်လုံးက ဖြစ်နိုင်ချေရှိတယ် ဒါပေမဲ့ ကျော်ကြားပုံ ချင်း မတူဘူး။ NLD ပါတီရဲ့ ဦးဖြိုးမင်းသိန်းကို ရွေးချယ်ခဲ့တဲ့ စဉ်းစားပုံစဉ်းစားနည်းနဲ့ဆိုရင် အဲပုံစံအတိုင်း စဉ်းစားမယ်ဆိုရင် ကိုရဲမင်းဦးက ဖြစ်နိုင်ချေရှိတယ်။ ကိုပြုံးချိုကတော့ လွှတ်တော်ပိုင်း လွှတ်တော်ဥက္ကဋ္ဌလို နေရာမျိုးနဲ့ ပိုပြီးကိုက်ညီတာတွေ့ရတယ်။ ရန်ကုန်ဆိုတဲ့ စိန်ခေါ်မှုနဲ့ ချိန်ကိုက်စဉ်းစားရင်တော့ ကိုရဲမင်းဦး ပြီးရင် ကိုနိုင်ငံလင်းလို့ ပြောလို့ရတယ် ဘာကြောင့်လဲဆိုတော့သူက အတွေ့အကြုံရှိလို့လေ သူက ငါးနှစ် အတွေ့အကြုံရသွားပြီ။"

နိုင်ငံရေးဆောင်းပါးတွေ ရေးသားနေတဲ့ ကိုသီဟသွေး သုံးသပ်သွားတာပါ။

လက်ရှိဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ရွေးချယ်ခံထားခြင်း မရှိပါဘူး။

ရန်ကုန်တိုင်းဟာ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အရေးကြီးတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ တပ်မတော်၊ USDP နဲ့ NLD အစိုးရတွေက တိုင်းအစိုးရအဖွဲ့ကို ရွေးချယ်ကြရာမှာ ပိုမို ဂရုစိုက်ရွေးချယ်ခဲ့ကြတဲ့ဒေသလည်းဖြစ်ပါတယ်။

လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုသက်ဆွေဝင်းကတော့ လူထုအသံ နားထောင်တဲ့ ဝန်ကြီးချုပ်မျိုးကို လိုလားတယ်လို့ ပြောပါတယ်။

"ပြည်သူတွေနဲ့ ထိတွေ့မှုများများလုပ်ဖို့ လိုမယ်လို့ထင်တယ်။ ရန်ကုန်တိုင်းအခြေစိုက်အရပ်ဖက် အဖွဲ့အစည်း တွေရှိတယ် သူတို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့လိုတယ် သူတို့အသံနားထောင်ဖို့လိုတယ်။ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ ပြီးခဲ့တဲ့ ငါးနှစ်ကိုကြည့်ရင် အရပ်ဖက်အဖွဲ့နဲ့ အစိုးရ ပူးပေါင်းမှုက အား မကောင်းခဲ့ဘူး။ အလုပ်မဖြစ်ခဲ့တာတွေ့ရတယ်။ အစိုးရကလည်း လုပ်ချင်တာလုပ်တယ်၊ အရပ်ဖက်အဖွဲ့တွေ ကလည်း ဝိုင်းပြောတာရှိတယ်။ စည်ပင်ရွေးကောက်ပွဲကအစ စနစ်မကျခဲ့တာရှိတယ်။"

လူဦးရေများပြီး ပြဿနာများတဲ့ ရန်ကုန်တိုင်းဒေသကြီးကို ပြီးခဲ့တဲ့ သက်တမ်း ငါးနှစ်အတွင်း စီမံအုပ်ချုပ်ရတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟာ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

မြို့တွင်းပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ်လိုင်း (မထသ) ကို ဖျက်သိမ်းပြီး ယာဉ်အကူနောက်လိုက်မပါတဲ့ YBS စနစ်နဲ့ ယာဉ်လိုင်းတွေကို ပြောင်းလဲခဲ့တာကတော့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလက်ထက်မှာ ရန်ကုန်တိုင်းအတွင်း အများမြင်သာအောင် အကောင်အထည်ဖော်ခဲ့တဲ့စီမံကိန်းကြီး ဖြစ်ပါတယ်။

ဒီစီမံကိန်းရဲ့ နောက်ကွယ်မှာ ကုမ္ပဏီ၊ အစုရှယ်ယာတွေ၊ ယာဉ်ပိုင်ရှင်တွေကြား ပြဿနာတချို့ ရှိနေဆဲ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းကတော့ တိုင်းအစိုးရဟာ မူဝါဒချမှတ်တဲ့အပိုင်းကို ပိုမိုအားစိုက် ခဲ့သင့်တယ်လို့ မှတ်ချက်ပြုပါတယ်။

"အစိုးရက လုပ်မယ်ပဲရှိတယ်၊ လုပ်ခဲ့တာက YBS ပဲရှိတယ် Water Taxi က ပြဿနာတွေ တက်နေတယ်၊ အကြွေးတွေတောင်းနေတယ်။ YBS လည်း ပြောရရင် ရှယ်ယာရှင်တွေက အကျိုးအမြတ်မရတာဖြစ်နေတယ်။ ကျန်တဲ့လုပ်ငန်းက အကောင်အထည်ဖော်မယ်ပြောတာပဲ အောင်မြင်တာ မတွေ့ရဘူး။ နောက်တစ်ချက် ထောက်ပြချင်တာက အစိုးရအနေနဲ့ အားလုံးကိုယ်လုပ်ချင်တာဖြစ်နေတယ်၊ အမှန်က အစိုးရက ကိုယ်တိုင် ဝင်မလုပ်ဘဲ ပေါ်လစီချပေးသင့်တာ။ ပုဂ္ဂလိကက ချပြရင်လက်မခံဘူး။ သူလုပ်ချင်တာကိုပဲ ဝင်လုပ်ဆိုတာမျိုး သူလုပ်ချင်တာကလည်း လက်တွေ့မဆန်တာများတော့ လက်တွေ့ကျကျ အကောင်အထည်မဖော်နိုင်ဘူးလို့ မြင်တယ်။"

စီးပွားရေးမှာ အစိုးရက ဦးဆောင်ပြီး ဝင်ရောက်လုပ်ကိုင်တာမျိုးမလုပ်ဘဲ လုပ်ငန်းရှင်တွေ လုပ်ကိုင်နိုင်အောင် အခင်းအကျင်းမျိုး ဖန်တီးပေးသင့်တယ်လို့ သူက ယူဆပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ ရန်ကုန်တိုင်းအတွင်း အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေတဲ့ စီမံကိန်းပေါင်း ၈၀ ရှိပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း၊ အိမ်ရာသစ်ဖော်ဆောင်ရေး၊ မိုးပျံတံတား၊ ရထားအဆင့်မြှင့်တင်ရေး၊ ဘူတာရုံ အဆင့်မြှင့်တင်ရေး၊ မြေအောက်ရထားလမ်း၊ စက်မှုဇုန်သစ်ဖော်ဆောင်ရေး၊ ဆိပ်ကမ်းသစ်တည်ဆောက်ရေး၊ ငါးလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စီမံကိန်းတွေ ပါဝင်ပြီး ဒီစီမံကိန်းတွေ ပြီးစီးမှု အခြေအနေကို ထုတ်ပြန် ပေးဖို့ လိုတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အစိုးရအဖွဲ့သစ်မှာ တာဝန်ထမ်းဆောင်မယ့် ပုဂ္ဂိုလ်တွေအနေနဲ့ စီမံကိန်းတွေကို လက်လွှဲယူတဲ့အခါ ဘဏ္ဍာရေး စည်းကမ်းနဲ့ အညီလက်ခံဖို့ Yangon Watch တည်ထောင်သူ ဒေါ်ညိုညိုသင်းက သတိပေးပါတယ်။

"ရန်ကုန်အစိုးရက လုပ်လက်စ စီမံကိန်းတွေ တော်တော်များများက မေးခွန်းထုတ်စရာတွေရှိနေတယ်။ လွှတ်တော် ကမေးတာတွေကိုလည်း ပြန်မဖြေထားတဲ့ စီမံကိန်းတွေ တော်တော်များများတွေ့ရတယ်။ နောက်တက်မယ့် ရန်ကုန်အစိုးရက အခုအစိုးရလုပ်ထားတာတွေကို တော်တော်လေးကို ဖြေရှင်းရမယ့် သဘောတွေ့နေတယ်။ ခေါင်းကိုက်ရမယ့်အနေအထားလို့ သုံးသပ်မိတယ်။ ပွင့်လင်းမြင်သာမှုအပိုင်းမှာရော တာဝန်ခံမှုအပိုင်းမှာရော နောက်တက်မယ့် အစိုးရအနေနဲ့ အရင်အစိုးရဆီက လုပ်ငန်းတွေကို လက်လွဲယူရင် တိကျသေချာတဲ့ ဘဏ္ဍာရေး စည်းကမ်းတွေနဲ့အညီ လုပ်ထုံး လုပ်နည်းတွေနဲ့ ရယူပါလို့။"

မပြီးပြတ်ခဲ့တဲ့ စီမံကိန်းတွေထဲမှာ ကျူးကျော်တွေ ပြန်လည်နေရာချထားရေးလည်း ပါဝင်ပါတယ်။

ဒါ့အပြင် လမ်းဘေးဈေးသည်တွေကို ရှင်းမယ်ဆိုပြီးလုပ်ခဲ့တဲ့ ညဈေးစီမံကိန်းကလည်း လက်တွေ့မှာ အလုပ် မဖြစ်လို့ အစိုးရအနေနဲ့ ငွေကုန်ခဲ့တာပဲ အဖတ်တင်တယ်လို့ မြောက်ဒဂုံမှာနေထိုင်တဲ့ မနေခြည်ဝင်းကတော့ ထောက်ပြပါတယ်။

"ညဈေးစီမံကိန်းကို ရန်ကုန်မြို့တွင်း လမ်းဘေးဈေးသည်တွေအကုန်လုံး နေရာတစ်ခုသတ်မှတ်ပြီးစခဲ့တာ ဒီစီမံကိန်းစပြီး သိပ်မကြာခင်လပိုင်းမှာပဲ ရန်ကုန်မြို့ထဲမှာ လမ်းဘေးဈေးသည်တွေ ပြန်ရောက်လာတယ်။ တိုင်းအစိုးရရဲ့ ကျပ်သန်းပေါင်းများစွာသုံးပြီးလုပ်ခဲ့တဲ့စီမံကိန်း မအောင်မြင်ဘူးလို့ ပြောရမှာပေါ့ နှမြောစရာ ကောင်းပါတယ်။"

ရန်ကုန်ကို စီမံခန့်ခွဲရမယ့်သူဟာ လက်တွေ့ကျကျ အလုပ်လုပ်နိုင်မယ့်သူမျိုး ဖြစ်ရမယ်လို့ မော်ကွန်းမဂ္ဂဇင်း တည်ထောင်သူ ကိုဇေယျာလှိုင်က ပြောပါတယ်။

"လေလုံးတွေထွားပြီး လူထုကို လိမ်တာမျိုး မလိုချင်တော့ဘူး။ စတက်လာတုန်းက ကွမ်းယာ ပြဿနာ ရှင်းမယ်ပေါ့ မြို့ညစ်ပတ်တယ်ပေါ့ ပြီးတော့မလုပ်နိုင်ဘူး။ နောက်တစ်ခုက ကျူးကျော်ပြသနာ ရန်ကုန်မြို့ပြရဲ့ အကြီးမားဆုံးပြသနာထဲမှာပါတယ်။ လေသံပစ်ပြီး တကယ်တမ်းမလုပ်ပေးနိုင်ဘူး။ ပြီးတော့ခပ်တည်တည်နဲ့ သူအကောင်းဆုံးလုပ်ပေးနိုင်သလိုမျိုး စီးပွားရေးဆိုရင်လည်း စက်သုံးဆီလိုမျိုးပေါ့။ ပြည်သူတွေကို ဈေးသက် သက်သာသာနဲ့ သုံးနိုင်မယ်ဆိုပြီး တကယ်တမ်းကျတော့ ဈေးက ကျမှမကျတာ။ အဲဒါမျိုးတွေ လေလုံးမထွားဘဲ လူထုအကျိုးပြုမယ့်ကိစ္စမျိုးတွေကို လက်တွေ့ကျကျလုပ်နိုင်မယ့် အစိုးရမျိုး မျှော်လင့်ပါတယ်။"

၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းအတွင်း ကိုးကိုးကျွန်းမြို့နယ်ကလွဲပြီး ကျန်တဲ့မြို့နယ်အားလုံးနီးပါးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရခဲ့တာဖြစ်ပါတယ်။

အသစ်တက်လာမယ့် ရန်ကုန်တိုင်းအစိုးရနဲ့ အစိုးရအဖွဲ့ကို ဦးဆောင်မယ့် ဝန်ကြီးချုပ်သစ်ကတော့ ကပ်ဘေးနဲ့ ကပ်ဘေးအလွန်ကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဦးစွာပေးရမှာဖြစ်ပြီး အလုပ်လက်မဲ့ပြဿနာ ဖြေရှင်းဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ နလန်ပြန်ထူနိုင်ရေးအတွက် မုချဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။