မော်လိုက်မြို့ လောင်းကောင်းကျေးရွာ၌ တည်ဆောက်ထားသည့် ထန်းလုံးရေကာတာအရင်းပိုင်းရှိ ကမ်းပါးထိန်းကရစ်ကွက်တန်း ပေ(၄၀)ခန့် ပြိုကျမှုဖြစ်ပွား

14-Nov-2020

မော်လိုက်      နိုဝင်ဘာ   ၁၃

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ် လောင်းကောင်းကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ရေလမ်းကြောင်းထိန်းသိမ်းခြင်း ထန်းလုံးရေကာတာအရင်းပိုင်းရှိ ကမ်းပါးထိန်းကရစ်ကွက်တန်း ပေ(၄၀)ခန့် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 “မော်လိုက် ရေလမ်းကြောင်းကောင်းမွန်ရေးအတွက် ဆောင်ရွက်ထားတဲ့ ထန်းလုံးရေကာတာ အရင်းပိုင်း အောက်ဘက် ပေ(၂၀)ခန့်အကွာရှိ ကမ်းပါးထိန်းကရစ်ကွက်တန်း အလျားပေ (၄၀)ခန့်လောက် ပြိုကျသွားတာ ဖြစ်ပါတယ်ဗျ၊ထန်းလုံးရေကာတာက အခုထိ ရေမြုပ်နေတုန်းဆိုတော့ ရေကျသွားမှပဲ သိရမယ်ထင်တယ်၊ အခုပြိုကျတဲ့နေရာမှာ ရေစိမ့်ထွက်တာမျိုးတော့ မရှိဘူးရယ်ဗျ၊ အခုလိုကမ်းပါးထိန်းကရစ်ကွက်တန်း ပြိုကျမှုကြောင့် လူနှင့် တရိစ္ဆာန်၊ အိုးအိမ် ထိခိုက်မှုတော့ မရှိကြောင်း” လောင်းကောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်ဇော် ပြောကြားချက်အရ သိရသည်။

 “အခုဖြစ်သွားတဲ့ ထန်းလုံးရေကာတာအရင်းပိုင်းရှိ ကမ်းပါးထိန်းကရစ်ကွက်တန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါအောင် ရွှေစင်ရိုးမကုမ္ပဏီမှ  တာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် မေလ ဒုတိယအပတ်တွင် လုပ်ငန်းများ ရာခိုင်နှုန်းပြည့်ပြီးစီးခဲ့တာဖြစ်ပါတယ်၊ အခုဖြစ်သွားတာနှင့်ပတ်သက်ပြီးတော့လည်း ဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ပျက်စီးခဲ့သည်များကို ပြန်လည်ပြုပြင်ပေးဖို့ ကုမ္ပဏီကို ညွှန်ကြားသွားမည် ဖြစ်ကြောင်း၊ အခုလက်ရှိမှာတော့ ချင်းတွင်းမြစ်ရေမြုပ်နေ၍ ဆောင်ရွက်ရန် အခက်အခဲရှိသဖြင့် ရေကျပြီးချိန်တွင် အချိန်နှင့်တပြေးညီ ပြန်လည်ပြုပြင်ပေးရန် ညွှန်ကြားသွားမည် ဖြစ်ကြောင်း” ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၆)၊ စစ်ကိုင်းတိုင်းဒေသကြီးရုံးမှ လက်ထောက်အင်ဂျင်နီယာ ဦးဖြိုးဝေဝင်း ထံမှ သိရသည်။

မော်လိုက်သားလေး