စစ်ပွဲတွေ နှစ်နှစ်ကျော်ကြာဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ဟာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ဒဏ်ကိုပါ ခံစားခဲ့ရတာကြောင့် လုံခြုံရေးအရရော၊ ကပ်ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက်ပါ ခရီးသွားလာခွင့် ပိတ်ထားတာ၊ ကန့်သတ်ထားတာတွေရှိခဲ့ပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျော်တော်မြို့၊ ရန်ကုန်စစ်တွေကားလမ်းပေါ်မှာတည်ရှိနေတဲ့ မဟာမြတ်မုနိဘုရားကြီးဟာလည်း တိတ်ဆိတ်ခြောက်ကပ်နေခဲ့တာ အချိန်အတန်ကြာ နေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ တန်ဆောင်တိုင်လပြည့်နေ့ကစလို့ မဟာမြတ်မုနိဘုရားကြီးမှာ ဘုရားဖူးတွေနဲ့ စည်ကားစ ပြုလာနေပြီဖြစ်ပါတယ်။
"လပြည့်နေ့ကစပြီး ပြန်စည်ကားလာတာပါ။ အဲဒီနေ့ကတော့ ဘုရားဖူးတော်တော်များများ ရောက်ပါတယ်။ ခုရက်ပိုင်းလည်း တစ်နေ့ကို ဘုရားဖူးကား အစီးတစ်ရာကျော်လောက်တော့ ရောက်နေတုန်းပါပဲ'' လို့ ဘုရားဂေါပကတစ်ဦးက ဆိုပါတယ်။
ဒီဘုရားကို ဓညဝတီခေတ်မှာ ရခိုင်ဘုရင် စန္ဒသူရိယမင်းက သွန်းလုပ်ပူဇော်ကိုးကွယ်ခဲ့တာလို့ ဘုရားသမိုင်းမှာ ဖော်ပြထားပါတယ်။
"တစ်နှစ်ကျော် နှစ်နှစ်လောက် ဘာမှမရောင်းရတာ ခုမှပဲပြန်စည်ကားလာလို့ပြန်ရောင်းရတာပါ။ဒီလိုပဲ အမြဲတမ်းအေးအေးချမ်းချမ်းဖြစ်နေစေချင်ပါတယ်''လို့ ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ - Kaung Mrat Naing / MPA