Covid 19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် သိထားသင့်သည့် ဥပဒေများ

28-Sep-2020

Covid 19 ကူးစက်ရောဂါနှင့်ပတ်သက်သည့်

သိထားသင့်သည့် ဥပဒေများ

၁။ ရာဇသတ်ကြီးဥပဒေ

ပုဒ်မ ၂၆၉

မည်သူမဆို အသက်အန္တရာယ်ဖြစ်စေတတ်သည့် ကူးစက်တတ်သောရောဂါမျိုး ပြန့်ပွား စေတန်ရာသော သို့မဟုတ် ထိုသို့ ပြန့်ပွားစေတန်ရာသည်ကို မိမိသိသော သို့မဟုတ် ထိုသို့ ယုံကြည်ရန် အကြောင်းရှိသော ဥပဒေနှင့် ဆန့်ကျင်မှုကိုသော်လည်းကောင်း ပေါ့လျော့မှုကိုသော်လည်းကောင်း ပြုလျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ပုဒ်မ ၂၇၀

မည်သူမဆို အသက်အန္တရာယ်ဖြစ်စေတတ်သည့် ကူးစက်တတ်သောရောဂါမျိုး ပြန့်ပွား စေတန်ရာသော သို့မဟုတ် ထိုသို့ ပြန့်ပွားစေတန်ရာသည်ကို မိမိသိသော သို့မဟုတ် ထိုသို့ ယုံကြည်ရန် အကြောင်းရှိသော ဘေးသင့်စေမှုကို ပြုလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၂။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ

ပုဒ်မ ၂၅

မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှုတစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်နိုင်သည်ကို သိလျှက်နှင့် တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် သို့မဟုတ် ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက် မပိုသောထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ပုဒ်မ ၂၆

မည်သူမဆို ဤဥပဒေအရ တာဝန်ပေးခြင်းခံရသည့်ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတစ်ရပ် စီမံဆောင်ရွက်သည်ကို နှောက်ယှက်ခြင်း၊ တားဆီးခြင်း၊ ဟန့်တားခြင်း၊ လက်ရောက်မှု ကျူးလွန်ခြင်း သို့မဟုတ် ပြစ်မှုမကင်းသော အနိုင်အထက်ပြုမူခြင်း ပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ပုဒ်မ ၂၇

မည်သူမဆို အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သဘာဝဘေး အန္တရာယ်နှင့်စပ်လျဉ်း၍ မဟုတ်မမှန်သော သတင်းလွှင့်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ပုဒ်မ ၂၈

ဤဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသည့် မည်သည့်ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်မဆို အောက်ဖော်ပြပါ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

(က) သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုစာရင်းကို မရိုးမဖြောင့်သော သဘောဖြင့် မမှန်မကန် ရေးသွင်းခြင်း၊

(ခ) ပေးအပ်သောတာဝန်ကို ထမ်းဆောင်ရန် တမင်ပျက်ကွက်ခြင်း၊

ပုဒ်မ ၂၉

မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာနှင့် အမိန့်တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ပုဒ်မ ၃၀

မည်သူမဆို အောက်ဖော်ပြပါ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ရပ်ရပ်ကို ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

(က) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ဤဥပဒေ အရ တာဝန်ပေးအပ်ခြင်းခံရသည့်ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ ညွှန်ကြားချက် တစ်ရပ်ရပ်ကို လိုက်နာရန် တမင်ပျက်ကွက်ခြင်း၊

(ခ) သဘာဝဘေးအန္တရာယ်ကျရောက်သည့်နေရာ သို့မဟုတ် အဆောက်အအုံအတွင်းသို့ ၊ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊

(ဂ) ဘေးသင့်သူများအား ထောက်ပံ့သည့် စားရေးရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေး ပစ္စည်းများကို မရိုးမဖြောင့်သော သဘောဖြင့် အသုံးပြုခြင်း၊ ရောင်းဝယ်ခြင်း၊ တားဆီးခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊

(ဃ) ဤဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသည့် ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ထံ သဘာဝဘေးအန္တရာယ်ခံစားရသည်ဟု မဟုတ်မှန် လိမ်လည်၍ စားရေးရိက္ခာနှင့် ကယ်ဆယ်ရေး ပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများကိုဖြစ်စေ၊ ထောက်ပံ့ငွေကိုဖြစ်စေ တင်ပြတောင်းခံခြင်း၊

ပုဒ်မ ၃၁

မည်သူမဆို သဘာဝဘေးအန္တရာယ်ကျရောက်နေသည့်အခါတွင်ဖြစ်စေ၊ ကျရောက်တော့ မည့်အခိုက်တွင်ဖြစ်စေ၊ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့ပါးစေရန်အလို့ငှာလည်းကောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျော့ချရေးလုပ်ငန်းများကို အဟန့်အတား မဖြစ်စေရန် အလို့ငှာလည်းကောင်း၊ ယင်းနေရာရှိ ပြည်သူများအား သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့်နေရာနှင့် အဆောက်အအုံတို့မှ ဖယ်ရှားထွက်ခွာကြရန် သို့မဟုတ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရန် ညွှန်ကြားသည်ကို လိုက်နာရန် တမင်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၃။ ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေ

ပုဒ်မ ၁၅၊

မည်သူမဆို ပုဒ်မ ၄ ၊ ပုဒ်မခွဲ (က) အရ ကျန်းမာရေးဦးစီးဌာန၏ ဆောင်ရွက်ချက် တစ်စုံတစ်ရာကို လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ် ကျပ် ၁၀၀၀ အထိ ချမှတ်ရမည်။

ပုဒ်မ ၄၊ ပုဒ်မခွဲ (က)

ကျန်းမာရေးဦးစီးဌာနသည် ရောဂါကူးစက်ပျံ့နှံ့မှုကို နှိမ်နှင်းရန် အများပြည်သူတို့အား ကာကွယ်ဆေးထိုးခြင်းနှင့် အခြားလိုအပ်သော အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း ပြုရမည်။

ပုဒ်မ ၁၆

မည်သူမဆို ပုဒ်မ ၅ ၊ ပုဒ်မခွဲ (ဇ)၊ (ဈ) သို့မဟုတ် (ည)အရ ကျန်းမာရေးအရာရှိ၏ ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်ကြောင်း ထိုသူကို ထောင်ဒဏ် ၆ လ အထိ ဖြစ်စေ၊ ငွေဒဏ် ကျပ် ၁၀၀၀၀/- အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ပုဒ်မ ၅၊ ပုဒ်မခွဲ (ဇ)

လူများစားသုံးရန် မသင့်သောအစားအသောက်များကို ပိတ်ပင်ရန် သို့မဟုတ် ဖျက်ဆီးရန် ညွှန်ကြားခြင်း၊

ပုဒ်မခွဲ (ဈ)

အဓိက ကူးစက်မြန်ရောဂါ ဖြစ်ပွားကူးစက် ပြန့်နှံ့စေသော သို့မဟုတ် ဖြစ်ပွားကူးစက် ပျံ့နှံ့စေသည်ဟု သံသယဖြစ်ဖွယ်ရှိသော အစားအသောက်များကို ဖျက်ဆီးရန် သို့မဟုတ် ရောင်းချခြင်း မပြုရန် သော်လည်းကောင်း၊ ယင်းအစားအသောက်များကို ထုတ်လုပ်ရောင်းချသော အလုပ်ရုံ၊ စက်ရုံ၊ အလုပ်ဌာန၊ ဈေး သို့မဟုတ် ဆိုင်ကို ပိတ်စေရန်သော်လည်းကောင်း ၊ ညွှန်ကြားခြင်း၊

ပုဒ်မခွဲ (ည)

သောက်သုံးရေ ပေးဝေရေးလုပ်ငန်းနှင့် အဝတ်လျှော်လုပ်ငန်းများကို စစ်ဆေး၍ ယင်းလုပ်ငန်းများမှတစ်ဆင့် ရောဂါကူးစက်ပျံ့နှံ့ကြောင်း ထင်ရှားလျှင် ယင်းလုပ်ငန်းများကို ပိတ်စေရန် ညွှန်ကြားခြင်း၊

ပုဒ်မ ၁၇၊

အိမ်ထောင်ဦးစီး သို့မဟုတ် အိမ်ထောင်စုဝင် တစ်ဦးဦးသည် ပုဒ်မ ၉ ပါ ပြဌာန်းချက်ကို ဖြစ်စေ၊ တိုင်းရင်းဆေးဆရာ၊ ကျန်းမာရေးမှူး သို့မဟုတ် ဆရာဝန် တစ်ဦးဦးသည် ပုဒ်မ ၁၀ ပါ ပြဌာန်းချက်ကိုဖြစ်စေ၊ လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်လအထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ကျပ် ၅၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ပုဒ်မ ၉

အိမ်ထောင်ဦးစီး သို့မဟုတ် အိမ်ထောင်စုဝင်တစ်ဦးဦးသည် အောက်ပါကိစ္စတစ်ရပ်ရပ် ဖြစ်ပွားကြောင်း သိရှိပါက အနီးစပ်ဆုံး ကျန်းမာရေးဌာန သို့မဟုတ် ဆေးရုံသို့ ချက်ချင်း ၊ တိုင်ကြားရမည်။

(က) ကြွက်ကျခြင်း

(ခ) အဓိက ကူးစက်မြန်ရောဂါ ဖြစ်ပွားခြင်း

(ဂ) တိုင်ကြားရမည့်ကူးစက်ရောဂါဖြစ်ပွားခြင်း

ပုဒ်မ ၁၀

တိုင်းရင်းဆေးဆရာများ၊ ကျန်းမာရေးမှူးများ၊ ဆရာဝန်များသည် အဓိကကူးစက်မြန် ၊ ရောဂါ သို့မဟုတ် တိုင်ကြားရမည့်ကူးစက်မြန်ရောဂါကို ဆေးကုသရာ၌ တွေ့ရှိလျှင် အနီးစပ်ဆုံး ကျန်းမာရေးဌာန် သို့မဟုတ် ဆေးရုံသို့ ချက်ချင်းတိုင်ကြားရမည်။

ပုဒ်မ ၁၈

မည်သူမဆို ပုဒ်မ ၁၄ အရ သက်ဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အရာရှိက ထုတ်ပြန်သောတားမြစ်ပိတ်ပင်သည့် သို့မဟုတ် ကန့်သတ်သည့်အမိန့်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ၆ လ အထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၁၀၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ပုဒ်မ ၁၄

ကျန်းမာရေးဝန်ကြီးဌာနက လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသော အဖွဲ့အစည်း သို့မဟုတ် အရာရှိသည် အောက်ပါကိစ္စရပ်များအတွက် တားမြစ်ပိတ်ပင်သည့် သို့မဟုတ် ကန့်သတ်သည့် အမိန့် ထုတ်ပြန်နိုင်သည်။

(က) အဓိက ကူးစက်မြန်ရောဂါ ဖြစ်ပွားနေသူအား နေအိမ်မှ ထွက်ခွာသွားလာခွင့် ၊

(ခ) အဓိကကူးစက်မြန်ရောဂါ ဖြစ်ပွားရာ နေအိမ် ၊ ရပ်ကွက် ၊ ကျေးရွာ သို့မဟုတ် မြို့နယ်အတွင်းရှိသူများကို ပြင်ပသို့ ထွက်ခွာသွားလာခွင့် ၊

(ဂ) ပြင်ပမှလူများအား အဓိကကူးစက်မြန်ရောဂါ ဖြစ်ပွားရာ နေအိမ် ၊ ရပ်ကွက် ၊ကျေးရွာ သို့မဟုတ် မြို့နယ်အတွင်းသို့ ဝင်ရောက်ခွင့်

(ဃ) မီးရထား၊ မော်တော်ယာဉ်၊ လေယာဉ်၊ ရေယဉ် သို့မဟုတ် အခြားယာဉ် တစ်မျိုးမျိုးဖြင့် ရောက်ရှိလာသူများအနက် အဓိကကူးစက်မြန်ရောဂါ ဖြစ်ပွားနေသူ ပါရှိလာပါက ယင်းရောဂါ ဖြစ်ပွားနေသူအား ကျန်းမာရေး စိစစ်ရန်အလို့ငှာ သီးခြားထိန်းသိမ်းစောင့် ရှောက်ရန် လိုအပ်သောအချိန်အထိ ပြင်ပသို့ ထွက်ခွာသွားသွားလာခွင့် ၊

(င) ပွဲလမ်းသဘင် ကျင်းပနေစဉ် အဓိကကူးစက်မြန်ရောဂါဖြစ်ပွားလာပါက အများပြည်သူတို့အား ပွဲလမ်းသဘင် ကျင်းပရာ နေရာသို့ သွားလာခွင့်နှင့် ပွဲလမ်းသဘင်ကို ဆက်လက်ကျင်းပခွင့်