ရွေးကောက်ပွဲရလဒ်ကို ငြင်းလို့မရဘူးလို့ တပ်ချုပ်ပြော

09-Nov-2020

ရွေးကောက်ပွဲရလဒ်ကို လက်ခံရမယ်လို့ ရွေးကောက်ပွဲနေ့က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အနော်ရထာ ရပ်ကွက် အမှတ် (၁) မဲရုံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်မဲပေးခဲ့တုန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ကျွန်တော်ကတော့ ပြည်သူဆန္ဒနဲ့အညီ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့မရဘူး လက်ခံရမှာ။ နောက် နိုင်ငံသူ နိုင်ငံသားတွေရဲ့ ခံစားနေရတဲ့ သောက ဒါတွေကို ဘယ်လိုဖြေသိမ့်ဖို့အတွက် စဉ်းစားပြီး လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ ဒါကတော့ ကျွန်တော်တို့အတွက် အင်မတန် အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဒါကတော့ မလွဲမသွေ လုပ်ကိုလုပ်ရမယ်လို့ ပြောချင်ပါတယ်”

ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာတော့ တပ်မတော်ခေါင်းဆောင်က ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် သဘောထား ထုတ်ပြန်ခဲ့တာပါ။

နိုဝင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ကြေညာချက်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို သံသယရှိကြောင်း၊ အစိုးရအနေနဲ့ ကော်မရှင်ရဲ့ မှားယွင်းမှုတွေကိုကြီးကြပ်ဖို့ တာဝန်ရှိကြောင်း ထောက်ပြ ဝေဖန်ထားသလို နိုဝင်ဘာ ၃ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေါ်ပြူလာမီဒီယာနဲ့ တွေ့ဆုံမေးမြန်းချက်မှာ အလားတူ ဝေဖန်ပြောဆိုခဲ့ပါတယ်။

တပ်မတော်ရဲ့ထုတ်ပြန်ချက်၊ ကာကွယ်ရေးဦးစီးချုပ် နဲ့ ပေါ်ပြူလာသတင်းဌာနတို့ တွေ့ဆုံမေးမြန်းချက်တွေဟာ နိုင်ငံရေးပါတီတွေနဲ့ လူပုဂ္ဂိုလ်တချို့ရဲ့ တိကျရေရာမှုမရှိတဲ့ ပြောကြားချက်တွေကို အခြေခံထားတာတွေ့ရသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေတွေရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း နိုဝင်ဘာလ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောခွင့်ရှိသူ ဦးဇော်ဌေးက တုံ့ပြန်ပြောကြားခဲ့ပါတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ချက်က ဥပဒေနဲ့မညီဘူးဆိုတာကို လက်မခံဘူးလို့ အဲဒီနေ့ကပဲ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပြန်လည်ငြင်းဆိုထားပါ တယ်။

အခုတော့ ရွေးကောက်ပွဲအပေါ် သဘောထားတွေက ပြင်းထန်ရာကနေ ပုံမှန် ပြန်ဖြစ်လာပါပြီ။ 

ရွေးကောက်ပွဲကော်မရှင်ရဲ့ အားနည်းချက်တွေအပေါ် ဝေဖန် ပြောဆိုခဲ့ပေမယ့် ရွေးကောက်ပွဲရလဒ်ကို ကာကွယ်ရေးဦးစီးချုပ်က လက်ခံမှသာ တိုင်းပြည်ရှုပ်ထွေးမှုတွေ မဖြစ်မှာလို့ ရန်ကုန်မြို့က နိုင်ငံရေးလေ့လာသူ  ဦးမောင်မောင်စိုးက ထောက်ပြပါတယ်။

“ရွေးကောက်ပွဲကော်မရှင်ရဲ့ အားနည်းချက်တွေနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်တဲ့အချိန်မှာ ပြောတာပေါ့။ အဲဒီအနေအထားမှာ ပြည်သူတွေ စိတ်ထဲမှာလည်း သို့လော သို့လောတွေဖြစ်သွားတဲ့ ကာလမှာ ရွေးကောက်ပွဲရလဒ်ကို အများစု လက်ခံမယ်ဆိုတာ ကောင်းတဲ့ ကိစ္စလို့ပဲ ပြောရမှာပေါ့။ တကယ်လို့ တပ်အနေနဲ့သာ ရွေးကောက်ပွဲရလာဒ်ကို လက်မခံဘူးဆိုရင် ကျွန်တော်တို့ တိုင်းပြည် အတွက် အများကြီး ရှုပ်ထွေးနိုင်တယ်။ လူထူအများစုရဲ့ ဆန္ဒနဲ့ ထွက်လာတဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံတာကတော့ ကောင်းတဲ့ကိစ္စလို့ပဲ ပြောရမှာပါ”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မနေ့က ပြောဆိုချက်ကြောင့် ပြည်သူရဲ့ရွေးချယ်မှုဟာ စိုးရိမ်စရာ မလိုတော့တဲ့ အနေအထား ဖြစ်သွားတယ်လို့ ရန်ကုန်အခြေစိုက် သတင်းသမားတစ်ဦးဖြစ်တဲ့ ဦးသီဟသွေးက ပြောပါတယ်။

“ပထမတုန်းကဆိုရင် ရလဒ်တစ်ခုထွက်တိုင်းလည်း သူတို့အသိအမှတ်မပြုရင် ပြဿနာဖြစ်နိုင်တယ်လို့ စိတ်ပူစရာရှိတာပေါ့၊ အဲဒီနေ့ကပဲ အဲလိုပြောသွားတဲ့အတွက်ကြောင့် ကျွန်တော်တို့မှာ ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူလူထုရဲ့ ရွေးချယ်မှုသည် တစ်စုံတစ်ရာ စိုးရိမ်ပူပန်မှုမရှိဘဲ ဆက်လက်အကောင်အထည် ဖော်နိုင်တယ်ဆိုတဲ့ အနေအထား ဖြစ်သွားတဲ့အတွက်ကြောင့်မို့ ဒါက Happy Ending ပေါ့။ ကောင်းတဲ့ အဆုံးသတ်တစ်ခု ဖြစ်သွားတာပေါ့”

သတင်းထောက်တွေနဲ့ ရှားရှားပါးပါး တွေ့ဆုံရာမှာ အသက် ၆၄ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီးက အမျိုးဘာသာ၊ သာသနာကို အလေးထားတဲ့ပါတီ၊ ဒို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ ပါတီ၊ တပ်မတော်နဲ့ လက်တွဲပြီး အလုပ်လုပ်နိုင်တဲ့ပါတီကို မဲပေးခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

ဒီပြောဆိုချက်ကို ကြည့်ရင် လက်ရှိ NLD အစိုးရ ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ကျေနပ်မှုရှိပုံ မပေါ်ဘူးဆိုတာကို ပြသနေတယ်လို့ ရန်ကုန်မြို့က စာနယ်ဇင်းသမားတစ်ဦးဖြစ်တဲ့ ဦးချစ်ဝင်းမောင်က ယူဆပါတယ်။

“တပ်မတော်နဲ့ လက်တွဲနိုင်မယ့် ပါတီကို မဲပေးတယ်ဆိုပြီး ပြောသွားတာရှိတယ်။ ဆိုလိုတာကို NLD အစိုးရသည် တပ်မတော်နဲ့ လက်တွဲနိုင်တဲ့ပါတီ ဟုတ်မဟုတ် ကျွန်တော်တို့လည်း မသိနိုင်ဘူး။ အဲဒီလို ပြောတယ်ဆိုတာ ဘယ်ပါတီနဲ့ လက်တွဲလို့ ရမလဲဆိုတာလည်း ကျွန်တော်တို့ မသိရဘူးပေါ့နော်။ ဆိုလိုတဲ့သဘောကတော့ တပ်ချုပ်အနေနဲ့ လက်ရှိအစိုးရ ပါတီအပေါ်မှာ သူထောက်ခံမှုမရှိဘူးဆိုတဲ့ သဘောကိုတော့ မနေ့က အင်တာဗျူးမှာ ဖြေသွားတာကို တွေ့လိုက်တယ် ခင်ဗျ”

ဗိုလ်ချုပ်မှူးကြီးဟာ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေမယ့် လက်ခံထားတဲ့ အချက်တွေက ဘာတွေဆိုတာ ပြောသွားတာတွေ့ရတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်နေသူလည်းဖြစ် ရန်ကုန်အခြေစိုက် ညီမျှခြင်းမြန်မာ အဖွဲ့ရဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ ဦးအောင်မျိုးမင်းကတော့ သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲမှာ သူပါဝင်မယ်၊ တစ်ချိန်တည်းမှာ ဘယ်သူ့ကို ဘယ်ပါတီကို မဲပေးလဲဆိုတာကို ကျန်တဲ့ သူတွေကို အသိပေးလိုက်တယ်။ အဲကြားထဲမှာမှ ဒီလိုရလာတဲ့ ရလဒ်ကို သူ့အနေနဲ့ အသိအမှတ်ပြုမယ် ဆိုတဲ့ပုံစံမျိုး ကျွန်တော်တို့ နည်းပေါင်းစုံတွေ့ရတယ်ဗျ။ ရပ်တည်ချက်တစ်ခုခု မဟုတ်ဘူး၊ အရင်တုန်းက အကြောက်တရားရယ်၊ ရွေးကောက်ပွဲ ပါဝင်မယ်ရယ်၊ ဘယ်သူ့ကို မဲပေးမလဲဆိုတဲ့ အချက်ကိုလည်း ပြောပြသွားတော့ သူက တတ်နိုင်သလောက်ကတော့ ရွေးကောက်ပွဲကို အသိအမှတ်ပြုပေမယ့် သူ့စိတ်ထဲမှာတော့ သူလက်ခံထားတဲ့ အချက်တွေက ဘယ်လိုရှိလဲဆိုတာကို ပြောသွားတယ်လို့ပဲ သုံးသပ်လို့ရပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာရှိတဲ့ အဖွဲ့အစည်းတွေ အားလုံက ရွေးကောက်ပွဲရလဒ်ကို လက်ခံရမယ်ဆိုတာ ငြင်းမရတဲ့အချက် ဖြစ်တာကြောင့် လွှတ်တော်တွေခေါ်ယူရေးနဲ့ အစိုးရဖွဲ့စည်းရေး အဆင်ပြေပြေ ဆောင်ရွက်နိုင်လိမ့်မယ်လို့  နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက ယူဆပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ရလဒ်ကို အဲဒီဖွဲ့စည်းပုံ အောက်မှာ ရှိတဲ့ အဖွဲ့အစည်းအားလုံးက လက်ခံရမယ်ဆိုတာ ဒါငြင်းမရတဲ့အချက်ပါ။ အဲဒီအတွက်ကြောင့်မို့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်တွေ အပြီးသတ်ထွက်ပေါ်ပြီးတဲ့ အချိန်မှာ လွှတ်တော် တွေခေါ်ယူရေးနဲ့ အစိုးရဖွဲ့စည်းရေးကို အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

အစိုးရနဲ့ တပ်မတော်ကြားမှာ အမျိုးသားညီညွတ်ရေးက အားနည်းမှုတွေရှိနေပြီး ၂၀၂၀ ရွေးကောက်ပွဲ အလွန်မှာ ဖြစ်လာမယ့် အစိုးရအနေနဲ့ တပ်မတော်နဲ့ အမျိုးသားညီညွတ်ရေး တည်ဆောက်နိုင်ဖို့ လို အပ်နေတယ်လို့ နိုင်ငံရေးလေ့လာသူတချို့က ထောက်ပြကြပါတယ်။

Crd RFA