ရွှေစကားဘုရား

Listing Description

ရွှေစကားဗုဒ္ဓရုပ်ပွားတော်မြတ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့၊ မင်းကျောင်းတိုက်အတွင်း တည်ရှိသည့် လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ ကျော်ကာလမှစ၍ တည်ထားကိုးကွယ်ခဲ့သော တန်ခိုးကြီးရုပ်ပွားတော် တစ်ဆူဖြစ်ပါသည်။ နရပတိစည်သူမင်းကြီးသည် စကားသားဖြင့်ပြုလုပ်သော လှေတော်ဦး ရွက်တိုင်ကို အညီအမျှပိုင်း၍ ရုပ်ပွားတော်ကိုးဆူထုလုပ်ပြီး ဆူးစာဆောက်စာရရှိသော စကားသားအပိုင်းအစများကို မံဘုရားပြု၍ စုစုပေါင်း ဆယ်ဆူ ထုလုပ်ပူဇော်ခဲ့သည်။ စကားသား ပထမပိုင်းကို ကလေးမြို့တွင် "စံကားလှဘုရား" ဟု ဘွဲ့တော်သမုတ်ပြီး မင်းကင်းမြို့တွင်ရှိသော ရွှေစကားရုပ်ပွားတော်မှာ ဒုတိယအပိုင်းမှ အသားကို ထုလုပ်ပူဇော်ခဲ့သည်ဟု သိရပါသည်။ မင်းကင်းမြို့ ရွှေစကားမြတ်စွာဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပကြပါသည်။ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်နေ့၌ ရွှေစကားမြတ်စွာဘုရား၊ မြသိန်းတန်ဘုရား၊ သင်္ကနက်ဘုရား၊ ရတနာမဥ္ဇူဘုရားများကို မြို့လှည့်၍ အပူဇော်ခံရာ ရွှေကျောင်းတော်ကြီးသို့ ဆွမ်းတော်ကြီးအဖွဲ့နှင့် ဝတ်အသင်းများမှ ပင့်ဆောင်ပူဇော်ကြပါသည်။