ရွှေဓားသိမ်း ရွှေဓားငြိမ်းစေတီတော်

Listing Description

ရှေးဟောင်းဆယ်ဆူသမိုင်းဝင် ရွှေဓားသိမ်း ရွှေဓားငြိမ်းစေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၇)လမ်းမကြီးဘေး၊ ငွေနံ့သာစံပြအုပ်စု၊ ဘားလားကျေးရွာတွင် တည်ရှိပါသည်။ စေတီတော်သမိုင်းအရ သန်လျင်မင်းကြီး ဓမ္မရာဇာ၏ သားတော် ဘာမတမင်းသည် သက္ကရာဇ် ၆၁၅ ခုနှစ်တွင် စစ်အောင်ရန်ငြိမ်း၍ ဓားလှံသိမ်းသည်ကို အထိမ်းအမှတ်ပြုပြီးလျှင် သရီယဓာတ်တော် ၆၀ ဆူကို ဌာပနာ၍ စေတီတည်သဖြင့် ရွှေဓားသိမ်းစေတီဟု ဘွဲ့အမည်တွင်ပါသည်။ ထို့နောက် ကာလကြာမြင့်လာသောအခါ ပျက်စီးယိုယွင်းသဖြင့် ဟံသာဝတီပြည့်ရှင် တပင်ရွှေထီးမှ မွမ်းမံပြင်ဆင်ပြီး ရွှေဓားငြိမ်းစေတီတော် ဘွဲ့အမည်တွင်ပါသည်။ ၎င်းနောက် ပျက်စီးယိုယွင်းပြန်သဖြင့် လှည်းကူးမြစ်သားဘုန်းကြီး ဦးကေလာသ အမှူးပြု၍ ဘားလား တံတားကြီးရွာ သူကြွယ် ဦးထွန်းဦး၊ ဇနီး မယ်ရွှေသစ်တို့ ပြုပြင်မွမ်းမံ ပြင်ဆင်ရာ သက္ကရာဇ် ၁၂၅၅ ခု၊ ပြာသိုလပြည့် စနေနေ့တွင် ပြီးမြောက်ပါသည်။ ဉာဏ်တော်အမြင့် စိန်ဖူးတော်ထိ ၇၃ တောင် ၁ မိုက် ရှိပြီး စေတီရံ ၈ ဆူရှိပါသည်။