ရွှေဘုံသာမုနိစေတီတော်

Listing Description

ဧရာဝတီမြစ်ကမ်းနဖူးရှိ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာတွင် တည်ရှိပါသည်။ သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် ဘိုးတော်ဘုရား(ဗဒုံမင်း)၏ သားတော်အိမ်ရှေ့မင်းက ဓညဝတီ သို့ချီတက်တိုက်ခိုက်သိမ်းပိုက်ရာ ဓညဝတီမှ မဟာမုနိ၊ ရွှေဘုံသာမုနိနှင့် မာရ်အောင်မုနိ စသောကြေးသွန်းရုပ်ပွားတော်သုံးဆူကို အမရပူရမြို့သို့ ပင့်ဆောင်ခဲ့ရာ ပြည်တစ်ဖက်ကမ်း၊ ရွှေဘုံသာကျေးရွာသို့ အရောက်တွင် ဒေသခံများ၏ တောင်းပန်လျှောက်ထားမှုကြောင့် ရွှေဘုံသာမုနိရုပ်ပွားတော်မြတ်အား သက္ကရာဇ် ၉၂၀ ခုနှစ်က ပြည်ဘုရင် သတိုးဓမ္မရာဇာတည်ထားခဲ့သော ရွှေဘုံသာစေတီတော်ကြီး၏ ဌာပနာတိုက်အတွင်း ထည့်သွင်းပူဇော်ပြီး စေတီတော်ကိုလည်း ပြုပြင်မွမ်းမံကာ "ရွှေဘုံသာမုနိစေတီတော်မြတ်" ဟူ၍ ဘွဲ့အမည်ဆက်ကပ်ခဲ့သည်။ နှစ်ကာလကြာမြင့်လာသောအခါ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးမှာ ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းပြီး စေတီဟောင်း၊ စေတီပျက်တစ်ဆူ အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ စေတနာရှင်များနှင့် ဒေသခံတို့က ပျက်စီးယိုယွင်းနေသော ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား သက္ကရာဇ် ၁၂၅၆ ခုနှစ်တွင် တစ်ကြိမ်၊ ၁၃၃၆ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၁ ခုနှစ်တွင် တစ်ကြိမ်၊ စုစုပေါင်း သုံးကြိမ်တိုင်တိုင် ပြန်လည်ပြုပြင်မွမ်းမံရန် ကြိုးပမ်းခဲ့ကြသော်လည်း အောင်မြင်မှုမရှိခဲ့ချေ။ ပျက်စီးယိုယွင်းနေသော ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား ၁၉၉၇ ခုနှစ်၊ ဧပြီလမှစ၍ နိုင်ငံတော်မှ ကြီးမှူးကာ စတင်ပြုပြင်မွမ်းမံခဲ့ရာ ၁၉၉၉ ခုနှစ်၊ ဧပြီလ ၂၄ ရက်၊ စနေနေ့တွင် အောင်မြင်စွာ ပြုပြင်ပြီးစီး၍ ထီးတော်တင်လှူပူဇော်ခဲ့ပါသည်။ စေတီတော်၏ ပြုပြင်ရေးလုပ်ငန်းများ မစတင်မီ သက်ဆိုင်ရာကျွမ်းကျင်သူပညာရှင်များက စေတီတော်မြတ်၏ ဌာပနာတိုက်တည်ရှိရာနေရာအား ခေတ်မီကိရိယာများဖြင့် စမ်းသပ်စစ်ဆေးခဲ့ကြရာ ဌာပနာတိုက်အတွင်း၌ ရတနာပစ္စည်းများဖြင့် သွန်းလုပ်ထားသော ဆင်းတုတော်တစ်ဆူ ကိန်းဝပ်စံပယ်နေကြောင်းကို စစ်ဆေးတွေ့ရှိ အတည်ပြုခဲ့ကြပါသည်။ စေတီတော်ကြီး၏ အရှေ့ဘက်တန်ဆောင်း၌ မဟာမြတ်မုနိ ကိုယ်ပွားဆင်းတုတော်သည်လည်းကောင်း၊ တောင်ဘက်တန်ဆောင်း၌ ရှင်ကျော်မုနိ ကိုယ်ပွားဆင်းတုတော်သည်လည်းကောင်း၊ အနောက်ဘက်တန်ဆောင်း၌ ရွှေဘုံသာမုနိ ကိုယ်ပွားဆင်းတုတော်သည်လည်းကောင်း၊ မြောက်ဘက်တန်ဆောင်း၌ မာရ်အောင်မုနိ ကိုယ်ပွားဆင်းတုတော်သည်လည်းကောင်း အသီးသီးကိန်းဝပ်လျက်ရှိသည်။ စေတီတော်မြတ်ကြီး၏ တနင်္ဂနွေထောင့်တွင် သိုက်နန်းရှင်မမြစိမ်း၏ နတ်နန်းကို ခမ်းနားတင့်တယ်စွာ တည်ဆောက်ထားပါသည်။ ယခုအခါ မုနိလေးဆူဝင် ရုပ်ပွားတော်မြတ်များဖြစ်ကြသော မဟာမုနိရုပ်ရှင်တော်မြတ်ကြီး (မန္တလေး)သည် မန္တလေးမြို့၌လည်းကောင်း၊ ရှင်ကျော်မုနိသည် ကျောက်တော်မြို့၌လည်းကောင်း၊ ရွှေဘုံသာမုနိသည် ဧရာဝတီမြစ်ကမ်းနဖူးရှိ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာရှိ ရွှေဘုံသာစေတီတော်မြတ်ကြီး၏ ဌာပနာတိုက်အတွင်း၌လည်းကောင်း၊ မာရ်အောင်မုနိသည် ဇလွန်ပြည်တော်ပြန်ဘုရားအဖြစ် ဇလွန်မြို့၌လည်းကောင်း အသီးသီး ကိန်းဝပ်စံပယ်လျက်ရှိသည်။