ရန်ပြေမာန်ပြေအောင်စကြာစေတီတော်

Listing Description

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၊ အမှတ် (၆) ရပ်ကွက်တွင် တည်ရှိပါသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဘိုကလေးမြို့ ကံဦးကျောင်းတွင် ဥပုသ်နေ့တိုင်း ဥပုသ်သီလဆောက်တည်ကြသူ ၂၁ ဦးတို့က အကြိမ် (၂၀) မြောက် ထီဖွင့်ပွဲအတွက် ထီလက်မှတ်သုံးစောင် အစုစပ်ထိုးကြရာမှ ဆုငွေကျပ် ၅၀၀ ပေါက်ခဲ့ကြသဖြင့် ကံဦးကျောင်းဆရာတော်ကြီးကပင် ဦးဆောင်၍ စေတီတည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့ပါသည်။ စေတီတော်တည်ထားရန် မြေနေရာ ရွေးချယ်ကြရာတွင် မြို့၏အရှေ့မြောက်စူးစူ (တေဇရပ်) ယခု အမှတ်(၆) ရပ်ကွက် မြေနေရာကို ရွေးချယ်ခဲ့ရာ မြေပိုင်ရှင်ဖြစ်သူ သူဌေးဦးသင်က မြေ ၁၆.၇၅ ဧကကို စေတီတည်ရန်အတွက် လှူဒါန်းခဲ့သည်။ ၁၃၀၉ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၁ ရက်နေ့မှစတင်ကာ နေ့စဉ် မြေရှင်းလင်းခြင်းကို ဆောင်ရွက်ခဲ့ကြရာ နှောင်းတန်ခူးလပြည့်ကျော် ၈ ရက်နေ့တွင် စေတီတော် ပထမအဆင့် အလယ်ဗဟိုမြေနေရာတူးရာမှ အလေးချိန် ၂ ပိဿာ ၁၈ ကျပ်သားခန့်ရှိသော စကြာမုနိဟန် ကိုးနဝင်းဓာတ်သား ရုပ်ပွားတော်တစ်ဆူ ထူးဆန်းစွာ ပေါ်ထွက်လာခဲ့သည်။ ထိုရုပ်ပွားတော်မှာ ဉာဏ်တော်အမြင့် ၉ လက်မရှိပြီး ပလ္လင်တော်ထက်၌ ထက်ဝယ်ဖွဲ့စံပယ်တော်မူနေသော ပုဂံခေတ်လက်ရာ စကြာမုနိဘုရားရှင်ဟန်ဖြစ်မည်ဟု သုတေသီတို့၏ မှတ်တမ်းပြုမှုအရ သိရသည်။ ထို့ပြင် ရုပ်ပွားတော်၏ နောက်ကျောဘက်တွင် "တလိုင်းမင်း ဗညားဇေယျ တည်ထားကိုးကွယ်သည်။ မသိလျှင်ဖြုံး သိလျှင် သုံး"ဟု ရေးထိုးထားပြီး ပလ္လင်အောက်ခြေ၌ ၁၁၁၅ ခုနှစ်ဟု ရေးထိုးထားမှုမှာ ထင်ထင်ရှားရှား ရှိနေခဲ့သည်ဟု မှတ်တမ်းအရ သိရသည်။ ထိုမှအစပြုကာ ရုပ်ပွားတော်ပေါ်တော်မူရာ ဗဟို၌ ၁၃၁၁ ခုနှစ် ပြာသိုလဆန်း ၁၃ ရက် (၃၁-၁၂-၁၉၄၉) တွင် ဉာဏ်တော်ကိုးမိုက်ရှိသော ပထမစေတီငယ်ကို နေ့ချင်းပြီးတည်၍ ထီးတော်ကိုပါတင်လှူခဲ့သည်။ ၁၃၁၂ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂၂-၃-၁၉၅၁) တွင် ပထမစေတီငယ်အားငုံ၍ ဉာဏ်တော် ၂၇ တောင်မြင့်သော စေတီကို ထပ်မံတည်ခဲ့ပြီး ထီးတော်တင်လှူခဲ့သည်။ ၁၃၂၉ ခုနှစ် တပို့တွဲလဆန်း ၁၅ ရက်နေ့ (၁၃-၂-၁၉၆၈) တွင် ရတနာပုံဆန်စက်ပိုင်ရှင် ဦးစောဦး၏ ငွေကျပ် ၅၀၀၀ မတည်လှူဒါန်းခြင်းမှ အစပြု၍ ဂေါပကအဖွဲ့နှင့် ရပ်ကွက်ကိုးရပ်ကွက်မှ အကျိုးတော်ဆောင် လူကြီးများ၏ ကြိုးပမ်းမှုဖြင့် ဉာဏ်တော် ၇၂ တောင်အမြင့်ရှိ စေတီတော်ကြီးကို အောင်မြင်စွာတည်ထားကိုးကွယ်၍ ဘုံကိုးဆင့်ထီးတော်ကြီး တင်လှူပူဇော်ခဲ့ပါသည်။ ယခုအခါ စေတီတော် ပရိဝုဏ်အတွင်း၌ လောကချမ်းသာ နဂါးရုံဘုရားကြီးအပြင် သာသနိကအဆောက်အအုံအများအပြားဖြင့် မြို့ကျက်သရေဆောင် သာသနာ့နယ်မြေကြီးတစ်ခုအဖြစ် ထင်လင်းစွာရှိနေပြီဖြစ်ပါသည်။