ရန်ကုန်ပြည်သူ့ဆေးရုံကြီး

Listing Description

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း တွင် တည်ရှိသည့် ရန်ကုန်မြို့ရှိ အဓိကကျသော ကုတင် ၂၀၀၀ ဆန့် အထွေထွေရောဂါကု ဆေးရုံဖြစ်သည်။ ၁၈၇၂ ခုနှစ်တွင် ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်နှင့် မျက်နှာခြင်းဆိုင်မြေကွက်တွင် ကျွန်းသားဖြင့် အဆောက်အဦ ဆောက်လုပ်ပြီး ၁၈၇၃ ခုနှစ်တွင် ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံကြီး Rangoon General Hospital – RGH ကို ခုတင် ၄၈၃ လုံးဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၀၅ ခုနှစ်၊ မေလ ၆ ‌ရက်နေ့တွင် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး၏ ပင်မအဆောင်ကို Governor Sir H.S Bermes က လက်ရှိနေရာတွင် အုတ်မြစ်ချပေးခဲ့ပြီး တည်ဆောက်ခဲ့ရာ ၁၉၁၁ ခုနှစ်တွင် လုံး၀ပြီးစီးခဲ့ပါသည်။ မြေညီထပ်အပါအဝင် ၄ ထပ် အဆောက်အဦဖြစ်၍ ခုတင် ၃၄၂ ဆံ့ ဆေးရုံကြီးအဖြစ် ငွေရူပီးသိန်း ၄၀ ကျော် ကုန်ကျခံတည်ဆောက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ အဆောက်အဦများ ထပ်မံတိုးချဲ့ကာ ဒုတိယကမ္ဘာစစ်အပြီးတွင် ခုတင် ၅၄၆ ဆံ့အဖြစ် လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် ခုတင် ၁၅၀၀ ဆံ့ ဆေးရုံအဖြစ် အထူးဆေးကုသဆောင် (Specialist Ward)များကိုလည်းကောင်း၊ ဆောက်လုပ်ကာ တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ကုတင် ၂၀၀၀ ဆံ့ ဆေးရုံကြီးအဖြစ် တည်ရှိလျက်ရှိသည်။ ရန်ကုန်ဆေးရုံကြီးအား ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) မှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ၁၉ ခုမြောက် မြို့ပြအမွေအနှစ် အထိမ်အမှတ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့ပါသည်။