ဦးသုခသည် အလင်္ကာကျော်စွာဘွဲ့ရ စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာ တစ်ဦး ဖြစ်သည်။ စာရေးဆရာ၊ အကယ်ဒမီ ၆ ဆုရ ရုပ်ရှင် ဒါရိုက်တာ၊ အဆိုတော်၊ တေးရေးဆရာ၊ ဘာသာရေးဟောပြောသူ၊ မြန်မာပြည်တွင် အမေနေ့ကျင်းပရန် ဆော်ဩခဲ့သူဖြစ်ပြီး စွယ်စုံရ ထူးချွန်သည့် ပါရမီရှင်ကြီး တစ်ဦးဖြစ်သည်။
၁၉၁ဝပြည့်နှစ်၊ ဇန်နဝါရီလ(၁၄)ရက်၊ (၁၂၇၁-ခု၊တပို့တွဲလဆန်း(၅)ရက်၊သောကြာနေ့)တွင် ကျိုက်လတ်မြို့နယ်၊ စာဖြူစုကျေးရွာသူကြီး ဦးစံခိုင်၊ ဒေါ်မျှင်တို့မှ ဖွားမြင်သည်။ သာသမီး(၄)ယောက်အနက် အကြီးဆုံးဖြစ်သည်။ ငယ်မည်မှာ မောင်သိန်းမောင် ဖြစ်သည်။
၁၉၂၆ - ကျိုက်လတ်မြို့၊ အမျိုးသားကျောင်းမှ အလယ်တန်း အောင်မြင်ခဲ့သည်။ ၁၉၂၇ - ဖျာပုံအမျိုးသားကျောင်းသို့ ပြောင်းရွှေ့ကာ အထက်တန်းပညာသင်ယူသည်။ အလယ်တန်းမှစ၍ ကဗျာ၊ ရတုများရေးသားစပ်ဆိုလာခဲ့ရာအထက်တန်းကျောင်းသားဖြစ်လာသောအခါ ဝတ္ထုရေးရန် စိတ်သန်လာသည်။ ၉ တန်းအရောက်တွင် ကျောင်းမှထွက်ကာ ဖခင်ဦးစံခိုင်၊ ရန်ကုန်တွင်တည်ထောင်သော 'အာဇာနည်ဂျာ နယ်' တိုက်တွင်လုပ်ရန် ရန်ကုန်သို့ထွက်ခွာခဲ့သည်။ ဂျာနယ်ပိတ်လိုက်ရသဖြင့် ကျိုက်လတ်ပြန်ခဲ့သည်။ ကျိုက်လတ်ပြန် ရောက်သောအခါ ကျိုက်လတ်ဆရာကြီးဦးဘမူ၏ အမျိုးသားကျောင်းတွင် မြန်မာစာပြဆရာအဖြစ်ဆောင်ရွက်ရင်း အမျိုးသားအောင်ပွဲနေ့များတွင် ကျင်းပသည့် ပဒေသာကပွဲများအတွက် ဇာတ်လမ်းရေးပေး၊ ကိုယ်တိုင်လည်းပါဝင် ကပြ၊ ဒါရိုက်တာလည်းလုပ်ခဲ့သည်။
၁၉၂၉ - စိန်သိန်းတန်အမည်ဖြင့် စံပယ်ပွင့် ဝတ္ထုရေး၊ ကဝိမျက်မှန်မဂ္ဂဇင်းတွင် ဖေါ်ပြခံရသည်။ ၁၉၃၀ - ပြည့်နှစ်တွင် ရွှင်ပျော်ပျော်တိုက်ဝတ္ထုပြိုင်ပွဲ၌ မောင်သိန်းမောင်အမည်ဖြင့် မိန်းမသား ဝတ္ထုရွေးချယ် ခံရသည်။ ၁၉၃၂ - အသက်(၂၃)နှစ်အရွယ်တွင် ဖတ်ခဲ့မှတ်ခဲ့သော လောကီလောကုတ္တရာဆိုင်ရာ မှတ်စုများကို စတင်စု ဆောင်းရေးသား(နောင်တွင် သုခမှတ်စု စာအုပ်ထွက်ခဲ့)သည်။
၁၉၃၄ - ရွှင်ပျော်ပျော်တိုက်နှင့် လိုက်ဖက်အောင်သုခအမည်ခံယူ။ သုခအမည်ခံယူပြီးနောက်တွင် ဝတ္ထု အဆုံး၌ သုခိအတ္တာနံပရိဟရန္တု ဆုတောင်းကိုထည့်လေ့ရှိ။ ရွှင်ပျော်ပျော်တိုက်အတွက် လုံးချင်းဝတ္ထုငယ်များ ရေး သားခဲ့။ မိုက်မိတယ် လုံးချင်းထွက်ရှိသည်။
၁၉၃၈တွင် ချစ်အမျှ ရုပ်ရှင်ဇာတ်ညွှန်းကို ရေးသား၍ ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၄၂ ဂျပန်ခေတ်တွင် ပြဇာတ်များကို ရေးသားတင်ဆက်ခဲ့သည်။ ကန်တော်မိတ်ရုံတွင် ဂုဏ်၊ ဂျိုတီရုံတွင် မေတ္တာနှင့်သစ္စာ၊ မြိုင်ရုံတွင် ဩော်မိန်းမ - ဩော်ယောက်ျား၊ မိန်းမနဲ့ယောက်ျား၊ ဩော် --- လောက ပြဇာတ်များတင်ဆက်ခဲ့သည်။ စာရေးဆရာအသင်း ရန်ပုံငွေအတွက် ဝိဇယ 'ပေါ်ဦး' ပြဇာတ်များတွင် ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင်လည်းပါဝင်ကပြခဲ့သည်။ မောင်ဖေငယ် ပြဇာတ်အထူးလူကြိုက်များခဲ့သည်။ နောက်ပိုင်း ကာဌေးရုံတွင် ချစ်တော့ချစ်တယ်"၊ "ဝသုန်ဤမြေ၊ ဝင်းဝင်းရုံတွင် ကိုယ်ကြိုက်တာကိုယ်လုပ် ဇော်ရုံတွင် သားတို့ရုပ်ရည် ပြဇာတ်များကို ကိုယ်တိုင်အဓိကဇာတ်ဆောင်နေရာမှ ပါဝင်ကပြခဲ့သည်။
၁၉၄၈တွင် ချစ်အနုမြူ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူးခဲ့ရာ ထိုကားအတွက် စာရေးဆရာ အသင်းက ချီးမြင့်သော ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆုရရှိသည်။ ၁၉၅၄တွင် ဩော်မိန်းမဇာတ်ကားဖြင့် ရုပ်ရှင်ထူးချွန်ဆုဖြစ်သော ဒါရိုက်တာဆုရရှိခဲ့သည်။ နှစ်နှစ်အကြာတွင် ဘဝသံသရာဇာတ်ကားဖြင့် ဒုတိယအကြိမ် ဒါရိုက်တာဆုရရှိသည်။
၁၉၆၈၌ စကားပြောသောအသည်းနှလုံး ဇာတ်ကားရိုက်ကူး၍ ဒါရိုက်တာဆု ထပ်မံဆွတ်ခူးခဲ့သည်။ ၁၉၇၀ပြည့်တွင် ကျမမှာမိန်းမသား ဇာတ်ကားရိုက်ကူး၍ ဒါရိုက်တာဆု ချီးမြှင့်ခြင်း ခံရသည်။ ၁၉၇၃ တွင် ရိုက်ကူးသော ဘယ်သူပြိုင်လို့လှပါတော့နိုင် ဖြင့် အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့သည်။ ၁၉၇၅၏ ရွှေခြည်ငွေခြည်တန်းပါလို့ ဇာတ်ကားသည် ၎င်းကို ဆဋ္ဌမအကြိမ်မြောက် ရုပ်ရှင်ထူးချွန်ဆု၊ ဒါရိုက်တာဆုကို ရရှိစေခဲ့သည်။
ဗုဒ္ဓဘာသာတရားတော်များနှင့်ပတ်သက်၍ ရဟန်းစားရသော ဆွမ်းတစ်နပ်၊ ရဟန်းမစားရသော ဆွမ်းတစ်နပ်၊ တစ်ပါးသီလ ကဲ့သို့သော ရုပ်မြင်သံကြားဇာတ်လမ်းများရေးသား ရိုက်ကူးခဲ့သည်။
ဦးသုခသည် ရုပ်ရှင်နယ်ပယ်သာမက စာပေနယ်တွင်လည်း အထင်ကရစာရေးဆရာကြီးတစ်ဦးဖြစ်၍ စာအုပ်များစွာ ရေးသားထုတ်ဝေခဲ့သည်။ ၁၉၂၉တွင် စိန်သိန်းတန်အမည်ဖြင့် စံပယ်ပွင့် ဝတ္ထုရေး၍ ကဝိမျက်မှန်မဂ္ဂဇင်းတွင် ဖော်ပြခံခဲ့ရသည်။ စာမူခငွေ တစ်ဆယ်ကျပ်နှင့် မဂ္ဂဇင်း(၆)လဆု တို့ကိုရရှိခဲ့၏။ ၁၉၃၀ ပြည့်နှစ်၌ ရွှင်ပျော်ပျော်တိုက်ဝတ္ထုပြိုင်ပွဲတွင် မောင်သိန်းမောင်အမည်ဖြင့် မိန်းမသား ဝတ္ထုရွေးချယ် ခံရသည်။
၁၉၃၂ အသက်(၂၃)နှစ်အရွယ်တွင် ဖတ်ခဲ့မှတ်ခဲ့သော လောကီလောကုတ္တရာဆိုင်ရာ မှတ်စုများကို စတင်စုဆောင်းရေးသားခဲ့ရာ နောင်တွင် သုခမှတ်စု စာအုပ်အဖြစ် ထွက်ရှိခဲ့သည်။ ၁၉၃၄ တွင် ရွှင်ပျော်ပျော်တိုက်နှင့် လိုက်ဖက်စေရန် သုခ အမည်ခံယူသည်။ သုခအမည်ခံယူပြီးနောက်တွင် ဝတ္ထုအဆုံး၌ သုခိအတ္တာနံပရိဟရန္တု ဆုတောင်းကိုထည့်လေ့ရှိပြီး ရွှင်ပျော်ပျော်တိုက်အတွက် လုံးချင်းဝတ္ထုငယ်များ ရေးသားခဲ့သည်။ ထို့နောက် မိုက်မိတယ် လုံးချင်းဝတ္ထုထွက်ရှိခဲ့သည်။
၁၉၅၁၌ သုခဝတ္ထုတိုပေါင်းချုပ် စာအုပ်ထွက်ရှိကာ ထိုစာအုပ်ကို ၁၉၅၅၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၈၈ ခုနှစ်များတွင် ပြန်လည်ရိုက်နှိပ်ခဲ့သည်အထိ အောင်မြင်ခဲ့သည်။ ၁၉၅၇ မှ ၆၇ အထိ ရုပ်ရှင်နယ်၊ စာပေနယ်တွင် ကျင်လည်ခဲ့၍ စာအုပ်များစွာ ရေးသားခဲ့သည်။ ၁၉၉၄တွင် ရာမာခရစ္စနာ၏ သုတပုံပြင်များစာအုပ်ထွက်၍ တစ်နှစ်အကြာတွင် ရတနာသုတ် စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ၁၉၉၇တွင် ချယ်လီအလှစာအလှ၊ စိတ်ဆိုသောစိတ်၊ သုခမှတ်စု၊ သုတရသဓမ္မစာစုံ၊ အမေ စသောစာအုပ်များ ရေးသားခဲ့သည်။
ရရှိခဲ့သောဘွဲ့ထူးဂုဏ်ထူးများ
အကောင်းဆုံး ဒါရိုက်တာဆု (၆)ဆု = (၁၉၅၄၊ ၁၉၅၆၊ ၁၉၆၈၊ ၁၉၇၀၊ ၁၉၇၃၊ ၁၉၇၅)
အလင်္ကာကျော်စွာ (၁၉၅၈)
ရုပ်ရှင်ဝါသနာအိုးများ၏ သူရဿတီရုပ်တု (၁၉၆၀)
မဟာသဒ္ဓမ္မဇောတိကဓဇ (၁၉၉၄)
ပခုက္ကူ ဦးအုံးဖေ တစ်သက်တာစာပေဆု (၁၉၉၄)
အာဆီယံစာပေဆု (၁၉၉၇)
ကျေးဇူးသစ္စာ မြတ်ဘဏ္ဍာ ဂုဏ်ပြုဆု (၁၉၉၉)
လူမှုထူးချွန် (ပထမအဆင့်) (၂၀၀၀)
ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ပထမအဆင့်) (၂၀၀၀)
ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ Ph.D (၂၀၀၀)
ဓမ္မဗိမာန် တစ်သက်တာစာပေဆု (၂၀၀၅)
ထင်ရှားသည့်စာအုပ်အချို့
သုခမှတ်စု
အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ
မင်္ဂလသုတ်(အဖွင့်)
မေတ္တသုတ်
လောကနီတိ
သုခဝတ္ထုတိုပေါင်းချုပ်
ရာမာခရစ္စနာပုံပြင်များ
ကံကံ၏အကျိုး
ချယ်ရီအလှစာအလှ
သုတရသဓမ္မစာစုံ
စိတ်ဆိုသောစိတ်
စာရေးဆရာ ဒါရိုက်တာကြီးဦးသုခသည် ၂၀၀၅-ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့ ဗုဒ္ဓဟူးနေ့မနက် ၁၁ နာရီ မိနစ် ၃၀တွင် အမှတ်(၂) စစ်ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ် ကျင်မေ၊ သား ကိုရဲအောင် (ကလောင်အမည် သုခ(သား)) တို့ ကျန်ရစ်ခဲ့သည်။