ဒဂုန်တာရာကို ၁၉၁၉ ခုနှစ် မေလ ၁၀ ရက်နေ့၌ ကျိုက်လတ်မြို့နယ်၊ ထိုင်ကူမြစ်တန်းရွာတွင် အဖ ဦးဘအုန်း၊ အမိ ဒေါ်ဖွားရှင်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးဌေးမြိုင်ဖြစ်သည်။ ငယ်စဉ်က ပန်းချီ ဂီတ ကဗျာလင်္ကာ တို့၌ ဝါသနာပါသည်။ ၁၄နှစ်သားအရွယ်က ရတု လူးတား ဧချင်း တေးထပ် စသော ရှေးရေးကဗျာများကို ဒဂုန်မဂ္ဂဇင်း၌ စတင် ရေးသားသည်။ ဒဂုန်တာရာသည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျ မင်္ဂလာ မြန်မာစာသင်ကျောင်းတွင် ပညာသင်ကြားသည်။ ထို့နောက် ကျိုက်လတ် အမျိုးသားကျောင်း (၁၉၂၇ - ၃၆) တွင် လည်းကောင်း၊ ရန်ကုန် ရေကျော် မက်သဒစ်ကျောင်း (၁၉၃၆ - ၃၇) တွင် လည်းကောင်း ပညာဆက်လက်သင်ကြားသည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်းအောင်သည်။ (၁၉၃၇ - ၄ဝ) ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက် ပညာသင်ကြားခဲ့သည်။
ဒဂုန်တာရာသည် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ရေနံမြေ စည်းရုံးရေးကိုယ်စားလှယ်၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အမှုဆောင်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာ နိုင်ငံ စာရေး ဆရာအသင်း ဥက္ကဋ္ဌ တာဝန် များကို ဆောင်ရွက် ခဲ့သည်။ စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဗိုလ်မှူးဖိုးကွန်း၊ ကိုဗဟိန်း၊ ဦးဗဆွေ၊ မြို့မ-ဦးသန်းကြွယ် (ပင်လုံစာချုပ်) တို့နှင့် ရင်းနှီးသည်။ ထို့ပြင် ဆရာကြီး ဒဂုန်တာရာသည် တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ မြန်မာ - ဆိုဗီယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌတာဝန်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကဗျာဆရာ သမဂ္ဂဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။
စာရေးဆရာ-ကဗျာဆရာကြီး ဒဂုန်တာရာ သည် ကလောမြို့တွင် အေးချမ်းစွာ နေထိုင်ရင်း စာပေများကို ရေးသား ပြုစုခဲ့သည်။ ရန်သူမရှိ မိတ်ဆွေသာရှိ အယူအဆဖြင့် လွတ်လပ်သော အတွေးအခေါ် ကိုင်စွဲသူ မြန်မာ စာပေလောကမှာ ကဗျာခေတ်တခုကို ထူထောင်နိုင်ခဲ့သူ စာရေးဆရာကြီး ဒဂုန်တာရာသည် (၁၉-၈-၂ဝ၁၃ ခုနှစ်) တနင်္လာနေ့ နေ့လယ်တွင် အောင်ပန်းမြို့ နေအိမ်တွင် လူကြီးရောဂါနှင့် ကွယ်လွန်ခဲ့သည်။
ကလောင် အမည်ကွဲများ
ကျိုက်လတ် မြိုင်သဇင်
ခင်စန်းအောင်
ခင်မေဆက်
ဂီတအယ်ဒီတာ
စာပေအကဲခတ်သမား
စောတင့်မူ
စောထွတ်
စောရန်နောင်
ဌေးမြိုင်
တာရာ
ဒဂုန် မြိုင်သဇင်
နိုင်ငံခြားအယ်ဒီတာ
နိုင်ငံရေးသတင်းထောက်တစ်ဦး
နိုင်ငံရေးအကဲခတ်သမား
ပန်းချီအယ်ဒီတာ
ဗညားနွဲ့
ဗညားသီဟ
ဘိုးဒဂုန်
မောင် ကြာညွန့်
မောင်ချုံ
မောင်ဂီတ
မောင်ဂန္ထဝင်
မောင်စ
မောင်စောထိုက်
မောင်စန်းအောင်
မောင်စိမ်းမြ
မောင်ဌေးမြိုင်
မောင်ဌေးမြိုင် (တက္ကသိုလ်ကျောင်းတိုက်)
မောင်နန်းနွယ်
မောင်ဘတင့်
မောင်မျိုးသန့်
မောင်ရန်နောင်
မောင်လင်းထက်
မောင်သစ္စာ
မောင်သန္တ
မောင်အံ့ဘွယ်
မြိုင်
မြိုင်သဇင်
မြိုင်သဇင် (တိုင်းရင်းသားတန်းမြင့်ကျောင်း ကျိုက်လတ်မြို့)
ရောဘတ်ဗေလုဝ
ရိုးမ
ရှုမဝရွေးချယ်ရေးအဖွဲ့ဝင်တစ်ဦး
ရွှေဟင်္သာ
သတင်းထောက်တစ်ဦး
သပိတ်မှောက်ကျောင်းသားတစ်ဦး
သမဂ္ဂအမှုဆောင်တစ်ဦး
သူမ၏မိတ်ဆွေ
ရေးသားခဲ့သော စာအုပ်များ
မေ ၁၉၄၁ (မောင်ဌေးမြိုင် ကလောင်ဖြင့်)
ဒဂုန်တရာ၏ ဒဂုန်တာရာ ၁၉၅၀
ရုပ်ပုံလွှာ ၁၉၅၅
စံပယ်ဦး ၁၉၆၁
အလင်္ကာ ကဗျာပေါင်းချုပ် ၁၉၆၂
ကြာပန်းရေစင် ၁၉၆၃
လရောင်ရွှန်းမြသော ညတည ၁၉၆၄
စာပေသဘောတရား၊ စာပေဝေဖန်ရေး၊ စာပေလှုပ်ရှားမှု ၁၉၆၇
ဒဂုန်တာရာနှင့် သူ၏ကဗျာ ၁၉၆၇
မူးယစ်ဝေသော နွေဦးညများ ၁၉၆၈
ဒဂုန်တာရာ ဝတ္ထုတိုပေါင်းချုပ် ၁၉၆၉
အယ်ဒီတာစားပွဲ၊ စာပေအနုပညာဝေဖန်ရေးနှင့် ပန်းနုရောင်အို ၁၉၇၁
ဧရာဝတီ၊ ယန်စီ၊ ဗော်လဂါ ၁၉၇၂
စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါကားလိပ် ၁၉၇၄
သဇင်သင်းပြန်တော့ ၁၉၇၄
ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ ၁၉၇၉
မာယာ ၁၉၉၁
ကြယ်ရိပ်ပန်းနု ၁၉၉၃
စိမ်းမြဧရာ ၁၉၉၄
လရောင်ရွှန်းမြသော ညတစ်ညနှင့် အခြားဝတ္ထုရှည်များ ၁၉၉၅
စန္ဒယားဆရာ သို့မဟုတ် မဟာအချစ် ၁၉၉၅
သုနာပရန္တ ၁၉၉၅
အိပ်မက်အပြင်ကလူ ၁၉၉၆ (ကြည်အေးနှင့် တွဲ၍)
သုံးနှစ်သုံးမိုး ပိုးထီးငုဝါပွင့်အပြာနု ၁၉၉၆ (ချက်ကော့ ရေးသည့် Three Years ကို ဘာသာပြန်ခြင်း ဖြစ်)
ဖျပ်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များ ၁၉၉၇