သက်မွန်မြင့်ကို ၁၉၈၂-ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် အဖ ဦးမြင့်ဦးနှင့် အမိ ဒေါ်မြိုင်တို့မှ ချင်းပြည်နယ်၊ ဖလမ်းမြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဇုန်ကျဲရ်မွေးဖြစ်ပြီး ချင်းတိုင်းရင်းသူဖြစ်သည်။ အတန်းပညာကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဖလမ်းမြို့တွင် သင်ကြားခဲ့သည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားခဲ့ပြီး ဘီအေဘွဲ့ ရရှိသည်။
အခြေခံပညာကျောင်းသူဘဝက ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့တွင်နှစ်စဉ်ကျင်းပပြုလုပ်သည့် အာရှပစိဖိတ်ဒေသ ကလေးသူငယ်များ တွေ့ဆုံပွဲသို့ ချင်းပြည်နယ်ကိုယ်စားပြု တက်ရောက်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်အစောပိုင်းတွင် နာမည်ကျော်တေးသံရှင်များ၏ သီချင်းဗီဒီယိုများ၌ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အနုပညာလောကထဲသို့ စတင်ဝင်ရောက်ခဲ့သည်။ ၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်းတွင် တီဗွီ ကြော်ငြာတော်တော်များများ၌ ပါဝင်လာခဲ့ပြီး ကြော်ငြာမင်းသမီးတစ်ယောက်အဖြစ် နာမည်ရလာခဲ့သည်။ ထို့နောက် ရုပ်ရှင်နှင့်ဗီဒီယို ကားများတွင် ပါဝင်လာခဲ့ပြီး ၂၀၀၆ ခုနှစ်အတွင်း ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ လွမ်းအောင်ရယ်တတ်သူ စသော ရုပ်ရှင်ကားကြီးများတွင် ပါဝင်ရိုက်ကူးခဲ့သည်။
၂၀၁၀ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲ၌ အာဒမ်ရယ် ဧဝရယ် ဒဿရယ် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးထူးချွန်ဆုကိုရရှိခဲ့သည်။ ထို့နောက် ၂၀၁၇ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားတွင် ချစ်လှစွာသော အမုန်း ရုပ်ရှင်ဇာတ်ကားဖြင့် ဒုတိယမြောက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်တွင် စစ်နိုင်နှင့် လက်ထပ်ခဲ့ပြီး အားချစ် ဟုခေါ်သည့် သားတစ်ယောက်နှင့် လဝန်းမေ ဟုခေါ်သည့် သမီးတစ်ယောက်ရှိသည်။
ရုပ်ရှင်ဇာတ်ကားကြီးများ
အမေ့ကျေးဇူးဆပ်ဖူးချင်တယ် (၂၀၁၀)
နတ်ဖက်တဲ့ စုံတွဲများ (၂၀၁၀)
ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ် (၂၀၁၀)
အာဒမ်ရယ် ဧဝရယ် ဒဿရယ် (၂၀၁၁)
ဥပါယ်တံမျဉ် (၂၀၁၈)
ဘာလာလာ (၂၀၁၉)
၂၀၁၉ သခင်ကြီးနှင့် ငပိတို့စရာ (၂၀၁၉)