တာရွှန်းကျေးရွာနှင့် ဗိုလ်ကြွန်ဘိခ်ဂူဗိမာန်

Listing Description

တာရွှန်းကျေးရွာသည် ချင်းပြည်နယ် ဖလမ်းမြို့မှ အောက်ဘက်သို့ ၄ မိုင်ခန့်အကွာတွင် တည်ရှိပြီး နယ်ချဲ့တော်လှန်ရေး ချင်းအမျိုးသား ခေါင်းဆောင် ဗိုလ်ကြွန်ဘိခ် (Pu Con Bik) ခေါ် ဗိုလ်ဆွန်ပက်၏ မွေးဖွားရာဇာတိ ဖြစ်သည်။ ယခုလက်ရှိ တာရွှန်းရွာမှာ ဒုတိယအကြိမ် ပြောင်းရွှေ့ထားသော ရွာသစ်နေရာဖြစ်ပြီး တာရွှန်းမျိုးနွယ်စုများ ပထမဆုံး အခြေချ နေထိုင်ခဲ့သော ယခင်ရွာဟောင်း မြေနေရာကို တာရွှန်းရွာသစ်သို့လာသည့် လမ်းခုလတ်တွင် မြင်တွေ့ရသည်။ အေဒီ ၁၅ ရာစုနှစ် အတွင်း၌ ဦးသွမ်ခိုင် (Pu Thuan Khai) ၏ သားဖြစ်သူ ဦးတာရွှန်း (Pu Tai Sun) သည် ယခုလက်ရှိ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက် အောက်ဘက် မြေနေရာတွင် တာရွှန်း အမည်ဖြင့် ပထမဦးဆုံးရွာ တည်ထောင်ခဲ့ပြီး တာရွှန်းမျိုးနွယ်များ စုပေါင်းနေထိုင်ခဲ့ကြကြောင်း ချင်းရေးရာ သမိုင်းမှတ်တမ်းများအရ သိရသည်။ အေဒီ ၁၅ နှင့် ၁၆ ရာစု နှစ်များတွင် ချင်းမျိုးနွယ်စု အချင်းချင်း တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့်အတွက် အေဒီ ၁၆ ရာစုနှစ်တွင် တာရွှန်းမျိုးနွယ်များမှာ မူလနေထိုင်ရာ ရွာဟောင်းကို စွန့်ခွာ၍ ၎င်းနေရာနှင့် တစ်မိုင်ခန့်ဝေးသည့် ပိုမို က်စောက်ပြီး တောတောင် ထူထပ်သောနေရာ (လက်ရှိ တာရွှန်းရွာ) သို့ ပြောင်းရွှေ့ခဲ့ပြီး ယင်းရွာကို ဖလှမ်း “Fahlam” ရွာဟူ၍ အမည်သတ်မှတ်ခဲ့ကြောင်း သိရသည်။ ချင်းဘာသာ စကားအရ ဖလှမ်း ဆိုသည်မှာ “သားသမီးများ ဘေးကင်းလုံခြုံသော အရပ်” ဟု အဓိပ္ပာယ်ရသည်။ ထိုသို့ နှစ်ပေါင်းရာနှင့် ချီတည်ရှိခဲ့သော ဖလှမ်းရွာတွင် အင်္ဂလိပ်အစိုးရ မတိုင်မီ ၁၉ ရာစု နှောင်းပိုင်း အချိန်အထိ ဒီမိုကရေစီနည်းကျ လူထုက ရွေးချယ်တင်မြှောက်သော ဖလှမ်းကောင်စီက အုပ်ချုပ်ခဲ့ကြောင်း သိရသည်။ ဗိုလ်ကြွန်ဘိခ် ဦးဆောင်သော အဖွဲ့ဝင် ၅ ဦးပါဝင်သည့် ဖလှမ်းကောင်စီ လက်ထက် (၁၈၅၆-၁၈၉၂) ၌ တာရွှန်းမျိုးနွယ်မှာ ချင်းပြည်နယ်တွင် အင်အားအကြီးဆုံးနှင့် ဩဇာအာဏာအရှိဆုံး ဖြစ်ခဲ့ပြီး ဖလှမ်း ကျေးရွာမှာလည်း ချင်းပြည်နယ်တွင် အကြီးဆုံးဖြစ်ကာ ရပ်ကွက်ကြီး ၆ ခု၌ အိမ်ခြေ ၅၀ဝ ကျော်ရှိခဲ့ကြောင်း ချင်းရေးရာသမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။ နယ်ချဲ့အင်္ဂလိပ် လက်အောက်သို့ မြန်မာနိုင်ငံ ကျရောက်ခဲ့ချိန်တွင် နိုင်ငံတဝန်းမှ မျိုးချစ်သူရဲကောင်းများက အင်္ဂလိပ်တို့ကို ရရာလက်နက် စွဲကိုင်၍ တော်လှန် တိုက်ခိုက်ခဲ့ကြရာ ထိုအထဲတွင် ချင်းပြည်နယ်မှ ဗိုလ်ကြွန်ဘိခ် ဦးဆောင်သည့် ချင်းတိုင်းရင်းသားများလည်း အပါအဝင်ဖြစ်သည်။ ၁၈၉၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် အင်္ဂလိပ်တို့က ဗိုလ်ကြွန်ဘိခ် နေထိုင်ရာ ဖလှမ်းရွာကို ဝင်ရောက်စီးနင်းခဲ့ပြီးရွာ၌ တပ်စခန်းချရန် ပြင်ဆင်ခဲ့သော်လည်း ဗိုလ်ကြွန်ဘိခ်က လက်မခံခဲ့သည့်အတွက် ယခုလက်ရှိ ဖလမ်းမြို့ တည်သည့် နေရာ၌ အင်္ဂလိပ်တို့ မြို့တည်ဆောက်၍ ဖလမ်း (Falam) မြို့အဖြစ် သတ်မှတ်ခဲ့ပြီး ဗိုလ်ကြွန်ဘိခ်၏ရွာကို တာရွှန်းရွာ ဟူ၍ အမည်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။ ဗိုလ်ကြွန်ဘိခ် နေထိုင်ရာ ဖလှမ်းရွာကြီးမှာ အင်္ဂလိပ်နယ်ချဲ့တို့နှင့် တိုက်ခိုက်စဉ်အခါက လူသူ၊ လက်နက်၊ ရိက္ခာ စုဆောင်းရာ အင်္ဂလိပ်နယ်ချဲ့ တော်လှန်ရေးစခန်းအဖြစ် တည်ရှိခဲ့ကြောင်း သိရသည်။ မျိုးချစ် ချင်းတော်လှန်ရေး ခေါင်းဆောင် ဗိုလ်ကြွန်ဘိခ်သည် တာရွှန်းရွာ၌ပင် နေထိုင်ရင်း အသက် ၇၆ နှစ် အရွယ် ၁၉၁၀ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ကွယ်လွန်ခဲ့ရာ တာရွှန်းမျိုးနွယ်စုများက ၎င်းတို့ခေါင်းဆောင် ရုပ်ကလာပ်ကို ၇ ပေခွဲခန့်အမြင့်ရှိ ဂူဗိမ္မာန်ပြုလုပ်ကာ သင်္ဂြိုလ်မြှုပ်နှံခဲ့ပြီး ထိုဂူဗိမာန်ကို ယနေ့တိုင် ဗိုလ်ကြွန်ဘိခ်နေထိုင်ခဲ့ရာ နေအိမ်၌ပင် တွေ့မြင်နိုင်သည်။ ရွာသို့ လာရောက်သူများ လေ့လာရန် အိမ်ပြခန်းတစ်ခန်းလည်းရှိသည်။ ပြခန်းတွင် လေး၊ မြား၊ မောင်း၊ အင်္ဂလိပ်ကင်မရာ၊ ငွေဓား၊ တူမီး၊ သေနတ်များရှိသည်။ ၎င်းအပြင် ဗိုလ်ကြွန်ဘိခ် မျိုးဆက်မိသားစု ကမ္ပည်းကျောက်စာတိုင်များကို တွေ့ရသည်။ ကျောက်စာတိုင်များမှာ တစ်ပေခွဲ၊ နှစ်ပေနီးပါးမြင့်သည်။ အချို့ ကျောက်စာတိုင်များတွင် နွား၊ နွားနောက်၊ လှံ၊ မောင်း၊ သမင်၊ နွားနောက်ပိုင်ဆိုင်သူများကို ပန်းချီရေးဆွဲ ဖော်ပြထားကြောင်း တွေ့ရသည်။