သာသနာ ၂၅၀၀ ရေလယ်ဘုရား

Listing Description

မွန်ပြည်နယ်၊ ရေးမြို့၊ ရှေးဟောင်းကျူံးတော်ကြီးအလယ်တွင် တည်ရှိပါသည်။ သာသနာ ၂၅၀၀ ရေလယ်ဘုရားကို သာသနာတော်နှစ် ၂၅၀၀ ပြည့်အထိမ်းအမှတ်အနေဖြင့် ရေးမြို့ရှိ ဆရာတော်ကြီးများနှင့် မြို့မိ၊ မြို့ဖတို့က တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်ပုံစံကို ရေးမြို့နေ ငွေတိုက်စာရေးကြီး ဦးသောင်းရွှေက ရေးဆွဲ၍ မော်လမြိုင်မြို့မှ ဗိသုကာဆရာကြီးဦးဘငယ်ကို အပ်နှံကာ စေတီတော်ကိုတည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်သည် မြေပေါက်(ထူပါရုံ)စေတီ ပုံစံအမျိုးအစားမဟုတ်ဘဲ ကုလားကျောင်းခံ၍ ပစ္စယာအထက်တွင် တည်ထားသည့် အင်းလေးဖော်တော်ဦးစေတီပုံစံဖြစ်ပြီး ရင်ပြင်တော်မှ စိန်ဖူးတော်အထိ ဉာဏ်တော် ပေ ၃၀ အမြင့်ရှိသည်။ စေတီတော်အောက်ခြေ ဂန္ဓကုဋိအတွင်း အလယ်မဏ္ဍိုင်တွင် ကြာပွင့်ခံ ရပ်တော်မူ ရုပ်ပွားတော်လေးဆူ ကိန်းဝပ်စံပယ်ပြီး မိတ္ထီလာမြို့၊ ဝမ်းတော်တိုက်ကျောင်းမှ ပင့်ဆောင်ပူဇော်လာသည့် ဗုဒ္ဓ၏ သရီရဓာတ်တော်များ၊ အဂ္ဂသာဝကနှစ်ပါးနှင့် ရဟန္တာအရှင်သူမြတ်များ၏ ဓာတ်တော်များကိုလည်း အပူဇော်ခံထားရှိသည်။ နှစ်စဉ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သံဃာများကို ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ တပေါင်းလပြည့်နေ့တွင် ဆီမီးတစ်ထောင်ပူဇော်ခြင်း၊ တော်သလင်းလတွင် ဆွမ်းတော်ကြီးကပ်လှူပူဇော်ခြင်းနှင့် တန်ဆောင်မုန်းလတွင် စေတီတော်၌ အပူဇော်ခံထားရှိသော မြတ်စွာဘုရားနှင့် ဧတဒဂ်ရ ရဟန္တာ ၄၁ ပါးတို့၏ ရုပ်ပွားတော်များကို ရေးမြို့ ရပ်ကွက်အသီးသီးရှိ မဏ္ဍပ်စံကျောင်းဆောင်များ၌ ခွဲဝေပင့်ဆောင်ပူဇော်ကာ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ ၁၄ ရက်နှင့် လပြည့်နေ့ညများတွင် ရေးမြို့အတွင်းသို့ သုံးညတိုင်တိုင် ဒေသစာရီကြွချီပူဇော်ခြင်း အစရှိသော ဗုဒ္ဓပူဇနိယပွဲများကိုလည်း စည်းကားသိုက်မြိုက်စွာ ကျင်းပပါသည်။