ကျိုက်ဒေတမော့ဗရတ်စေတီတော်

Listing Description

မွန်ပြည်နယ် ရေးမြို့မှ ၅ မိုင်ခန့်အကွာ ပုပ္ဖဝတီကျေးရွာတွင် တည်ရှိသည်။ ကျိုက်ဒေတမော့ဗရတ် ဟူသည် "ကျောက်ငှက်ပျောတောင်စေတီ" ဟူ၍ အဓိပ္ပာယ်ရရှိသည်။ စေတီတော်တည်ရှိရာ တောင်ကုန်းတွင် ငှက်ပျောသီးသဏ္ဌာန် ကျောက်တုံးများ တွေ့ရှိသဖြင့် ထိုသို့ ခေါ်ဆိုဟန်ရှိသည်။ စေတီတော်သမိုင်းအရ မြတ်စွာဘုရားသည် သုဝဏ္ဏဘူမိဒေသသို့ ဒေသစာရီကြွရောက်စဉ် ရသေ့ခြောက်ပါးအား ဆံတော်တစ်ဆူစီ ချီးမြင့်ခဲ့ရာ ဒုကရရသေ့အား ချီးမြင့်သော ဆံတော်တစ်ဆူကို ဌာပနာထားသည့် စေတီဖြစ်ကြောင်း သိရသည်။ စေတီတော်သည် နှစ်ပေါင်းများစွာ စေတီငုတ်တိုအဖြစ် တည်ရှိနေခဲ့ပြီး ဆရာတော် ပုပ္ဖရမ္မ (ကိုရင်လေးဆရာတော်) က မြန်မာသက္ကရာဇ် ၁၃၅၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်တွင် စေတီတော်အား ဉာဏ်တော်အမြင့် ပေ ၂၀ ခန့်ဖြင့် အပြီးသတ် မွမ်းမံတည်ထား၍ ထီးတော် တင်လှူခဲ့သည်။ ထိုမှတဖန် ကိုရင်လေးဆရာတော်မှပင် မူလစေတီကိုငုံ၍ ကိုယ်တိုင်ဗိသုကာပြု ပုံစံချထားသော ဉာဏ်တော် ၁၃၂ ပေအမြင့်ရှိ ဝေဇယန္တာပြဿာဒ်စေတီကို တည်ထားခဲ့သည်။ ကျိုက်ဒေတမော့ဗရတ်စေတီဝန်းကျင်နယ်မြေသည် ကိုရင်လေးဆရာတော်၏ သာသနာပြုစခန်းအဖြစ် စည်ပင်ထွန်းကားလာခဲ့ပြီး ဆံတော်ရှင်စေတီတော်ကို တည်ထားမွမ်းမံပြီးနောက် ပရိက္ခရာစေတီတော်၊ ဉာဏ်တော် ၁၂၉ ပေရှိ ထိုင်တော်မူလေးဆူနှင့် တစ်ဆက်တည်းဖြစ်သော ဉာဏ်တော် ၁၄၅ ပေရှိ ရာမညအတုလစေတီနှင့် အလျား ၂၂၆ ပေရှိ လျောင်းတော်မူဘုရားတို့ကိုလည်း တည်းထားကိုးကွယ်ခဲ့သည်။ ယခုအခါ ရေးမြို့နယ်တွင် မွန်လူမျိုးတို့၏ စာပေနှင့်ယဉ်ကျေးမှု၊ သာသနာတော်ဆိုင်ရာ ဗဟိုဌာနတစ်ခုအဖြစ် ထင်ရှားလျက်ရှိသည်။