စက်စက်ယိုစေတီတော်

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ဖားအိုင့်ရွာမြောက်ဘက်တွင် တည်ရှိပါသည်။ စေတီတော်သမိုင်းအရ သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်မင်းကြီး၏ မိဖုရားများဖြစ်ကြသော စန္ဒာဒေဝီမိဖုရားနှင့် ဗိဿနိုးမိဖုရားတို့ တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ ဖားအိုင့်ရွာ၏မြောက်ဘက်တွင် စက်စက်ယိုစေတီတော်နှင့် ဘုန်းကြီးကျောင်းရှိပြီး ရွာတောင်ဘက်တွင် မြစည်းကုံး (မြစည်းဂုံ) စေတီတော်ရှိပါသည်။ ရွာလယ်လမ်းတွင် အနောက်ဖက်သို့တန်းနေသော အုတ်လမ်းကြီးတစ်ခုရှိပြီး ဒွတ္တပေါင်လမ်းဟုခေါ်ဆိုလျက် ရွှေနတ်တောင်စေတီတော်ထိတိုင် လမ်းပေါက်ပါသော်လည်း ယခုချိန်တွင်မူ လမ်း၏အချို့နေရာများတွင်သာ အုတ်လမ်းအရာကျန်ရှိနေပြီး အများစုမှာ မြေကြီးအောက် နစ်မြုပ်သွားရပြီးဖြစ်သည်။ စက်စက်ယို‌စေတီဟူသောဘွဲ့တော်မှာ စေတီတော်တည်ရှိရာ တောင်ပေါ်ရှိကျောက်တုံးများအကြားမှ သဘာ၀ရေများ တစက်စက်ယိုစီးကျနေသည်ကို အစွဲပြု၍ စက်စက်ယိုစေတီတော်ဟု ခေါ်တွင်ခဲ့ကြခြင်းဖြစ်ပါသည်။ စေတီတော်သည် ၂၀၀၈ ခုနှစ်တွင် မုန်တိုင်းဒဏ်ကြောင့် ထီးတော်မြေခကာ ပြိုကျပျက်စီးခဲ့သဖြင့် ဖားအိုင့်ရွာဦးကျောင်းဆရာတော် ဦးဝလာသအား အမှူးထား၍ အရှင်ဦးစန္ဒိမာမှ ဦးစီးဦးဆောင်ပြုကာ ရန်ကုန်မြို့နေ ပါမောက္ခဒေါက်တာ ဦးဇော်သန်းထွန်းနှင့် ဇနီး ဒေါ်ကြည်ကြည်ညွန့် မိသားစုတို့မှ ရွှေထီးတော်နှင့် မတည်လှူဒါန်း‌ငွေ ၂၂၂၂၀၀၀၀ ကျပ် မတည်၍ အများပြည်သူစုပေါင်းမှုဖြင့် ၁၃၈၁ ခုနှစ်၊ နယုန်လပြည့်နေ့တွင် ရွှေထီးတော်အသစ် တင်လှူပူဇော်၍ ပြုပြင်မွမ်းမံတည်ထားခဲ့ပါသည်။