နှစ်ရှည်ပင်စိုက်ပျိုးခြင်းမှ အနားယူအပန်းဖြေနိုင်သည့် ခရီးသွားနေရာဖြစ်လာတဲ့ ယုံဗွေကွမ်းသီးခြံ

Listing Description

ရွာငံ ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်တွင် နှစ်ရှည် ပဒေသာပင် စိုက်ပျိုးထားသော ယုံဗွေကွမ်းသီးခြံမှာ အနားယူအပန်းဖြေနိုင်သည့် ခရီးသွားနေရာဖြစ်လာကြောင်း သိရသည်။

သက်တမ်း နှစ်ပေါင်း ၈၀ ခန့်ရှိ

တောင်ပေါ်ဒေသဖြစ်သော်လည်း ရေဗွေသဖွယ်ရှိသော ရေထွက်ပေါက်မှ ရေများထွက်ရှိကာ အဆိုပါနေရာကို အကြောင်းပြု၍ ရေဗွေမှတစ်ဆင့် ယုံဗွေဟုခေါ်တွင်လာကြောင်း ဒေသခံများထံမှ သိရသည်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၈၀ ခန့်ရှိသည့် အပင်ကြီးများနှင့်အတူ သက်တမ်းငယ် အပင်ပျိုများဖြင့် တစ်ဝင်းတည်းတည်ရှိကာ ရေတံခွန် စိမ့်စမ်းများဖြင့် သာယာလှပသောနေရာတစ်ခု ဖြစ်သည်။ ယုံဗွေကွမ်းသီးခြံသည် ဘိုးစဉ်ဘောင်ဆက်မှစ၍ မိသားစုအဆက်ဆက် လုပ်ကိုင်လာကြသည့် ဥယျာဉ်ခြံကြီးဖြစ်ပြီး စီးပွားဖြစ်လုပ်ကိုင်ကြသည်။

တပင်ပျော်နှင့် ငှက်သောက်ကျေးရွာတို့တွင် ရှမ်းတိုင်းရင်းသားများနေထိုင်ကြပြီး အိမ်ခြေ ၁၆၀ ခန့် ရှိ သည်။ ကျေးရွာအတွင်း ကွမ်းသီးပင်မရှိသူများနှင့် လာရောက်လည်ပတ်သည့် ခရီးသွားများကို ကြွေကျသီးများ ကောက်ယူခွင့်ပေးထားခြင်းကြောင့် အပင်နှင့် အသီးများအား ဖျက်ဆီးခိုးယူခြင်းများမရှိဘဲ နှစ်ရှည်စိုက်ပျိုးထိန်းသိမ်း လာနိုင်ခဲ့ပြီး ပဒေသာပင်အဖြစ် သတ်မှတ်ထားကြသည်။ ထူးခြားသည်မှာ ဧက ၅၀၀ ခန့် ကျယ်ဝန်းသော ကွမ်းသီးခြံ ကြီးမှာ သူ့အပိုင်၊ ကိုယ့်အပိုင်အဖြစ် ခြံစည်းရိုးများ ကာရံ ထားခြင်းမရှိဘဲ ကွမ်းသီးပင်အမှတ်အသားများဖြင့်သာ ပိုင်ဆိုင်မှုကို သတ်မှတ်ထားကြသည်။

ခြံဝင်းအတွင်း လည်ပတ်စရာ ပေါများပြီး ရေတံခွန် များနှင့်အတူ စမ်းချောင်းကလေးများ၊ ရေအိတ် (ခေါ်) ရေကူးကန်များအပြင် သဘာဝရေလွှဲမောင်းဖြင့် စပါး ထောင်းနေပုံ၊ ကရက်နီရေချောင်းအလှတို့ကြောင့် ရေကစားသူများ၊ အလှဓာတ်ပုံရိုက်သူများဖြင့် အနားယူအပန်းဖြေကြကာ စည်ကားလျက်ရှိသည်။ ကွမ်းသီးခြံသို့ သွားရောက်လည်ပတ်ရာတွင် ရွာငံမြို့ မြောက်ဘက်ရေဦး-သိမ်ကုန်း-အင်းကြီး-ဒလပင်- ငွေတောင်တပင်ပျော်ကျေးရွာများမှတစ်ဆင့် ယုံဗွေကွမ်းသီးခြံသို့လည်းကောင်း၊ ငှက်သောက်ကျေးရွာမှ လည်းကောင်း ခြေကျင်၊ ဆိုင်ကယ်များဖြင့် သွားရောက်နိုင်ပြီး ကွမ်းသီးပင်စိုက်ပျိုးမှု၊ ခူးဆွတ်မှု စုံလင်စွာ အပန်းဖြေအနားယူခရီးသွားများ လည်ပတ်နေကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)