မိုးဟေကို

Listing Description

၁၉၈၅ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် အဖ ဦးကျော်မင်းနှင့် အမိ ဒေါ် နုနုစိန်တို့မှ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်တွင် မွေးဖွားသည်။ နာမည်ရင်းမှာ အေးအေးခိုင် ဖြစ်သည်။ မွေးချင်း အစ်ကိုတစ်ယောက်၊ မောင်တစ်ယောက်ရှိကာ အထက (၁) တောင်ဥက္ကလာပမြို့နယ်မှ အထက်တန်း အောင်မြင်ခဲ့သည်။ ကိုးတန်းကျောင်းသူ ဘဝထဲက တင်မိုးလွင်၏ မော်ဒယ်လ်သင်တန်းတက်ခဲ့သူ ဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် ဂျွန်လွင်မော်ဒယ်အကယ်ဒမီ၏ ပွဲများတွင် ပါဝင်ကာ မော်ဒယ်ဘဝကို စတင်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ကြော်ငြာတစ်ခု စတင်ရိုက်ကူးခဲ့ပြီး အနုပညာလောကထဲသို့ ရောက်ရှိခဲ့သည်။ 

၂၀၀၅ ခုနှစ်တွင် ပြသခဲ့သော "အိပ်မက်အလွန်" ဗီဒီယိုဇာတ်ကားတွင် လူမင်းနှင့်တွဲဖက်ကာ ခေါင်းဆောင်မင်းသမီးအဖြစ် စတင်သရုပ်ဆောင်ခဲ့သည်။ ထိုနှစ်မှာပင် ပြေတီဦး၊ ခိုင်နှင်းဝေတို့နှင့် အတူ "ကျွန်မ မဟေသီ" ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် သူမ၏ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်သော "မိုးည အိပ်မက်မြူ" ရုပ်ရှင်ဇာတ်ကားကြီးတွင် နေတိုး၊ စိုးပြည့်သဇင်၊ သင်ဇာဝင့်ကျော် တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုရုပ်ရှင်ကို ဒါရိုက်တာ ကြည်ဖြူသျှင်က ရိုက်ကူးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ရုံတင်ခဲ့သည်။ ထိုရုပ်ရှင်လည်း အောင်မြင်မှုရခဲ့ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတစ်ခုဖြစ်သော အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုအတွက် စကာတင်စာရင်းတွင် ပါဝင်ခဲ့သည်။

၂၀၁၃-ခုနှစ်တွင် ဒါရိုက်တာဝိုင်းရိုက်ကူးပြီး သရုပ်ဆောင်ပြေတီဦး၊ ဝတ်မှုံရွှေရည်တို့ပါဝင်သော "နှလုံးသားဖြင့် ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်ခဲ့ပြီး အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုအတွက် စကာတင်စာရင်းတွင် ပါဝင်ခဲ့သည်။ လက်ရှိအချိန်ထိ မိုးဟေကိုသည် ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားပေါင်း ၃၀၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် မိုး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို တည်ထောင်ခဲ့ပြီး"ရုံးပတီသီးလေးများ"၊ "ခိုးဆိုးလုနှိုက်" စသော ရုပ်ရှင်ဇာတ်ကားကြီးများအပါဝင် လက်ရှိအချိန်ထိ ဇာတ်ကား ၁၀ ကားခန့် ရိုက်ကူးထုတ်လုပ်ခဲ့သည်။ ၂၀၁၅-ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် မိုး ပိုးထည်တိုက် ကို စတင်ဖွင့်လှစ်ခဲ့သည်။

၂၀၁၆-ခုနှစ်တွင် "ကျွန်မချစ်သော" အမည်ရှိခရီးသွားမှတ်တမ်းစာအုပ်တစ်အုပ် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ကို ထိုင်းနိုင်ငံတွင် ပုံနှိပ်ရိုက်ကူးခဲ့ပြီး သူမ သွားရောက်လည်ပတ်ခဲ့သော နေရာဒေသများနှင့် သူမ၏အလှဓာတ်ပုံများ ပါဝင်ပြသထားသည်။ 

သူမသည် ၂၀၀၅ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ကျင်းပသော Asia Model Festival တွင် Asia Model Award ဆုရရှိခဲ့သည်။

ရိုက်ခဲ့သော ဇာတ်ကားအချို့

အိပ်မက်အလွန်

မိုးညအိပ်မက်မြူ

လူစိမ်း

အမျှင်

ရှော့ရှိတဲ့အချစ်များ

နှလုံးသားဖြင့် ပြုလုပ်သည်

ရင်ဘတ်ကြီးနဲ့ ချစ်လိုက်မယ်

အချိန်တိုင်း နေရာတိုင်း

တိုက်ဆိုင်မှု ရှိလျှင်

တောကျီးကန်း

အမုန်းတွေ ခေါက်ထားလိုက်

ပပဝတီ စီရင်ခန်း