မန္တလေးမြို့ခံ စာရေးဆရာသိုက်ထွန်းသက် ကွယ်လွန်

Listing Description

မန္တလေးမြို့ခံ စာရေးဆရာ သိုက်ထွန်းသက်မှာ ကိုဗစ်ရောဂါကူးစက်ခံရ၍ ဆေးရုံကြီးသို့ တက်ရောက်ကုသမှု ခံယူနေစဉ် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။

ဆရာသိုက်ထွန်းသက်၏ အမည်ရင်းမှာ ဦးသိန်းဇော်ဖြစ်ပြီး မန္တလေးမြို့၊ စိန်ပန်းရပ်၊ အဖ ဦးအေးမောင်၊ အမိ ဒေါ်တင်မေတို့မှ ၁၉၅၂ ခုနှစ်၊ မေလ (၃၀) ရက်တွင် မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် ဒုတိယသား ဖြစ်သည်။

ဆရာသိုက်ထွန်းသက်သည် စာပေလောကတွင် ဝတ္ထုတိုများဖြင့် ထင်ရှားပြီး သင့်ဘဝ၊ တိုင်းရင်းမေ၊ ရုပ်ရှင်အောင်လံ၊ ရုပ်ရှင်ပဒေသာ၊ မိုးဝေစာပေမဂ္ဂဇင်းနှင့် သောင်းပြောင်းထွေလာ စသော မဂ္ဂဇင်းများတွင် ကဗျာနှင့် ဝတ္ထုတိုများစွာကို သိုက်ထွန်းသက် ကလောင်အမည်ဖြင့် ရေးသားခဲ့သူဖြစ်သည်။ ဂျီသြမေတြီ ဂေါဝိန် ဝတ္ထုတိုပေါင်းချုပ်(၁၉၉၀) ၊ သိုက်ထွန်းသက် လက်ရွေးစင် ဝတ္ထုတိုများ (၂၀၀၂) ၊ဆရာမ ခင်ခင်ထူးနှင့်တွဲဖက်၍ မြို့ကလေးရဲ့ကော်ပတ်စက္ကူ ဝတ္ထုတိုပေါင်းချုပ် (၂၀၀၃) ၊ ဒေါ်လီ ဂျင်နီ အင်ဒီနှင့် စိန်မေလွင်တို့အကြောင်း စာပဒေသာဝတ္ထုတွဲ (၂၀၀၆) ၊ သိုက်ထွန်းသက် ဝတ္ထုတိုပေါင်းချုပ် (၂၀၁၄)၊ ရောက်မလာသေးတဲ့နွေဦးနှင့် အခြားဝတ္တုတိုများ (၂၀၁၇) တို့အပြင် အခြားစာရေးဆရာများနှင့်တွဲဖက်၍ ဝတ္ထုတိုပေါင်းချုပ်များ၊ စာပေအင်တာဗျူးများ ဆောင်းပါးစုစည်းမှုများ ရေးသားထုတ်ဝေခဲ့သည်။