ကျော်ဟိန်း (၁၉၄၇ - ၂၀၂၀)

Listing Description

ကျော်ဟိန်းကို ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်၊ တနင်္လာနေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျောင်းကုန်းလမ်း၌ အငြိမ်းစား ခရိုင်ရဲဝန် အဖ ဦးဂျွန်မောင်စိန်(D.Y.S.P) နှင့် အမိ ဒေါ်ချိုချိုတို့မှ မွေးဖွားခဲ့သည်။ ငယ်နာမည် ကျော်ကြီး၊ အမည်ရင်းမှာ ကျော်ဌေး ဖြစ်သည်။ သားသမီး ခြောက်ယောက်တွင် စတုတ္ထမြောက်ဖြစ်သည်။

၁၉၅၂ ခုနှစ် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ABM ကျောင်းတွင် ပထမတန်းမှ စတုတ္ထတန်းအထိ စာသင်ကြားခဲ့သည်။ စတုတ္ထတန်း စာမေးပွဲတွင် အောင်မှတ် မပြည့်၍ နွေရာသီကျောင်းပိတ်ရက် နှစ်လတွင် စာကျက်ပြီး စာမေးပွဲ ပြန်ဖြေခဲ့ရသည်။ ၁၉၅၆ ခုနှစ်တွင် အလုံမြို့နယ်၊ ဟုမ်းလမ်း ဘူတာရုံအနားရှိ ယူနစ်ကရင်ကျောင်းတွင် ပဉ္စမတန်း တက်ရောက်သင်ကြားခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် အလုံမြို့နယ်၊ ကူရှင်ကျောင်းတွင် ဆဋ္ဌမတန်း၊ သတ္တမတန်း (နှစ်ကြိမ်)၊ အဋ္ဌမတန်း တက်ရောက်ခဲ့ပြီး နဝမတန်းတွင် နှစ်ကြိမ် ကျရှုံးပြီး ကျောင်းထွက်ခဲ့ရသည်။ ၁၉၆၄ ခုနှစ် ရန်ကုန်မြို့၊ မြို့နယ်အသီးသီးရှိ အလွတ်ပညာသင်ကျောင်း (ညကျောင်းအပါအဝင်)၊ ၂၃ ကျောင်း ပြောင်းရွှေ့သင်ကြားခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းမနေဖြစ်တော့ဘဲ အိမ်မှ ၁၆ ကြိမ်ဆင်းခဲ့ပြီး အိမ်ပြေးဘဝဖြင့် လမ်းပေါ်တွင် လေလွင့်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ကမာရွတ်မြို့နယ်၊ ဒေါ်သာထက်ကျောင်းမှ နဝမတန်း (သုံးကြိမ်မြောက်) သင်ကြားအောင်မြင်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ဒဂုံမြို့နယ်၊ ဒေါ်နုနုခင် အလွတ်ပညာသင်ကျောင်းတွင် ဒသမတန်းသင်ကြားခဲ့သော်လည်း သုံးလမျှတက်ပြီး ရေတပ်သို့ဝင်ရောက်ခဲ့သည်။ ကိုယ်ပိုင်နံပါတ်မှာ ၁၂၂၀၅ ဖြစ်ပြီး ၁၉၆၇ ခုနှစ်တွင် ရေတပ်မှ ထွက်ခဲ့သည်။ ထို့နောက် ဒသမတန်း ပြန်ဖြေ၍ (ခ) စာရင်းဖြင့် အောင်မြင်ခဲ့သည်။ ငယ်စဉ်က စိန်ဂေါ်လီ ဂိုဏ်းဝင်တစ်ဦးဖြစ်သည်။ ထို့နောက် ရုပ်ရှင်လောကအတွင်း ဝင်ရောက်ခဲ့သည်။

၁၉၇၀ ပြည့်နှစ်မှစ၍ ရုပ်ရှင်မင်းသမီး စန္ဒာနှင့်အတူ သရုပ်ဆောင်သော "ဖူးစာလမ်းဆုံ" ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ ဝင်ရောက်ခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင်အဖြစ် အကာကအချစ်၊ အနှစ်ကမေတ္တာ (၁၉၇၉)၊ မွန်းတည့်ချိန်တွင် နေဝင်သည် (၁၉၈၂)၊ ပန်းမြိုင်လယ်က ဥယျာဉ်မှူး(၁၉၈၉)၊ နေကမွေးတဲ့လ (၂၀၀၃)တို့ဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ၄ ဆုရရှိခဲ့ပြီး ဝေလည်းမွှေး ကြွေလည်းမွှေး (၁၉၉၄)ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ပို့ဆု ၁ ဆုရရှိခဲ့ရာ စုစုပေါင်းအကယ်ဒမီဆု ၅ ဆုရရှိခဲ့သည်။ "မွန်းတည့်ချိန်တွင် နေဝင်သည်" ဇာတ်ကားကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။

ရုပ်ရှင်လောကထဲဝင်ပြီး ၄ နှစ်အကြာတွင် ပထမဆုံး ဒါရိုက်တာလုပ်၍ သရုပ်ဆောင် ရိုက်ကူးခဲ့သော ဇာတ်ကားမှာ "စိန်သို့မဟုတ်စိမ်" ဖြစ်သည်။ ထိုဇာတ်ကား၏ ကြော်ငြာဒီဇိုင်း၊ ပိုစတာများအားလုံးကို သူကိုယ်တိုင် နေမင်းထိပ်ခေါင် အမည်ဖြင့် ရေးဆွဲခဲ့သည်။

၁၉၈၅ ခုနှစ်တွင်ရုံတင်သည့် "ကျီးယောင်ဆောင်သောဒေါင်း" မှာ လူကြိုက်အများဆုံး၊ ပရိသတ်တခဲနက်အားပေးသည့် ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့သည်။

ဝတ္ထုတို၊ ဝတ္ထုရှည်အချို့ ရေးသားခဲ့ပြီး တေးစီးရီးအချို့ကိုလည်း သီဆိုထုတ်လုပ်ခဲ့သည်။ ရုပ်သံကြော်ငြာများတွင်လည်း သရုပ်ဆောင်ကြေး အများဆုံးရရှိခဲ့သူဖြစ်သည်။

၁၉၆၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ (နှစ်ပေါင်း ၄၁ နှစ်အတွင်း) ရိုက်ကူးခဲ့သော ရုပ်ရှင် ကားပေါင်း ၂၂၂ ကား၊ ဗီဒီယို ကားပေါင်း ၃၆၂ကား၊ ဆိုခဲ့သော သီချင်းခွေပေါင်း ၁၄ခွေ နှင့် ရေးသားထုတ်ဝေခဲ့သောစာအုပ်ပေါင်း ၆ အုပ် ဖြစ်သည်။ နောက်ဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင်ကားမှာ "ကြိုးတန်း" ဖြစ်သည်။

၂၀၀၈-ခုနှစ်၊ နိုဝင်ဘာ (၄)ရက်နေ့မှစ၍ ဦးကျော်ဟိန်းသည် ရုပ်ရှင်လောကမှ အနားယူကာ ရဟန်းဝတ်ခဲ့လေသည်။ ဘွဲ့တော်မှာ ဦးကိတ္တိသာရ ဖြစ်သည်။ ဦးကျော်ဟိန်း ရဟန်းမဝတ်ခင်ကလည်း ကျော်ဟိန်း၏ နောက်ဆုံးနှုတ်ဆက်ခရီးစဉ်ဟု အမည်ပေးကာ မြန်မာနိုင်ငံ အနှံ့သို့ သွားရောက်ခဲ့သည်။ ဘုန်းကြီးဝတ်ဖြင့် စာပေများရေးသောအခါ ကလောင်နာမည်မှာ ဦးကိတ္တိသာရ(ခေတ္တ ၃၁ ဘုံ) ဖြစ်သည်။

သက်တော် ၇၃ နှစ်၊ ဝါတော် ၁၃ နှစ် ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၁ ရက် မြန်မာစံတော်ချိန် မနက် ၉ နာရီ ၂၇မိနစ်တွင် ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့၌ နှလုံးရောဂါနှင့် လေဖြတ်ဝေဒနာခံစားရပြီး ရဟန်းဘဝဖြင့် ပျံလွန်တော်မူခဲ့သည်။ 

ရေးသားခဲ့သော စာပေများ

ကျွန်တော့်ကိုယ်စားပြောပေးပါ။ (လုံးချင်းဝတ္ထု) ၁၉၇၅၊(ဒု)၁၉၈၄

ရောင်စုံအပိုင်းအစများ (ဝတ္ထုတိုပေါင်းချုပ်)၂၀၀၂၊ (ဒု)၂၀၀၈

စိတ်ဓားပြ - ကွယ်လွန်သူ ဒွေးအတွက် အမှတ်တရစာ

ကျော်ဟိန်းများ (ကျော်ဟိန်း၏ နှစ်ပေါင်း ၄၀ သမိုင်း) စာအုပ်ကို Faces မီဒီယာမှ ၂၀၀၉-ခု၊ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဖြန့်ချိ

သရုပ်ဆောင်ကျမ်း (ရေးသားသူ-ကျော်ဟိန်း)

လုံးဝအဖြူ ရုပ်ပြဇာတ်လမ်းစာအုပ်(ပ+ဒု) ကျော်ဟိန်းအကြောင်း

ရဟန်းဘဝဖြင့် ရေးသားခဲ့သောစာများ

စိတ်ဓားပြ သေချာလား . . . တဲ့

သင်ခန်းစာ

မေးခွန်းဖြစ်လာရတဲ့ ဖြစ်ကြောင်းကြောင့် (၂၀၀၉၊ အောက်တိုဘာလ)

ခံစားနေတဲ့စိတ်ကို စွန့်လွှတ်လိုက်ပါ (၂၀၀၉၊ ဒီဇင်ဘာလ)