မေဆွိ

Listing Description

အမည်ရင်းမှာ ဆွေအေးမြင့် ဖြစ်ပြီး  ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၌ အဖ ဦးခင်မောင်ညွှန့် အမိ ဒေါ်မြင့်မြင့်ခင်တို့မှ မွေးဖွားခဲ့သည်။ မိခင် ဖြစ်သူမှာ အကယ်ဒမီ များရှင် စည်သူဘွဲ့ရဒေါ်မြင့်မြင့်ခင် ဖြစ်ပြီး မွေးချင်း (၅)ယောက် အနက် လေးယောက်မြောက် သမီး ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် Botany မေဂျာဖြင့် တက်ရောက်ခဲ့သည်။

၁၉၇၀ ပြည့်နှစ်များတွင် နာမည်ကျော် တေးရေးဆရာ သုခမိန်လှိုင် ရေးသားဖန်တီးသည့် ပန်းသီးသီချင်းများ စီးရီးဖြင့် လူသိများလာခဲ့သည်။  စိုင်းထီးဆိုင်အပါအဝင် အမျိုးသား တေးသံရှင်များ၏ သီချင်းများကို ပြန်ဆိုလေ့ရှိသည့်အပြင် ကိုယ်ပိုင်သံစဉ်များကိုလည်း ထုတ်ဝေခဲ့သည်။ ကိုင်ဇာနှင့်သီဆိုခဲ့သော အနမ်းပန်းသီချင်းသည် အထူးအောင်မြင်ခဲ့သည်။

၁၉၈၀ ပြည့်နှစ်များတွင် မေဆွိသည် နာမည်ကျော် သရုပ်ဆောင်များဖြစ်သည့် ပြေငြိမ်း၊ ကျော်သူ၊ ရဲအောင်၊ စိုးသူ တို့နှင့်အတူ ရုပ်ရှင်များလည်း ရိုက်ကူးခဲ့သည်။ မုန်းရခက်ကြီး၊ ဒါလည်းခွင့်လွှတ်တယ်၊ ခပ်စိမ်းစိမ်းနေပါ့မယ်၊ အချစ်ဆုံးသူရဲ့ရင်မှာ၊ အခုတော့သိပြီး မင်းကိုကိုယ်ချစ်သည်၊ ချစ်လွန်းကေသီ စသည့် ဇာတ်ကားများမှာ မေဆွိ၏ နာမည်ကြီးဇာတ်ကားများဖြစ်ကြသည်။ ရုပ်ရှင်ဇာတ်ကားပေါင်း ၅၀ ကျော်ရိုက်ကူးခဲ့သည်။ ၁၉၉၀ ပြည့်နှစ်များတွင် ရုပ်ရှင်ရိုက်ကူးခြင်းကို ရပ်နားလိုက်ပြီး ဂီတလုပ်ငန်းကို အာရုံစိုက်ခဲ့သည်။ မြန်မာ့ခေတ်ပေါ်ဂီတ ရေစီးကြောင်းသည် ခေတ်နှင့်အလိုက် ရော့ခ် (Rock)၊ ပေါ့ပ် (Pop)၊ ဟဲဗီးမက်တယ် (heavy metal) စသည့် ဂီတဟန်များမှ အာရ်အင်ဘီ (R&B)၊ တက္ကနို (techno)၊ ဟစ်ပ်ဟော့ပ် (Hip-hop) စသည့် သဏ္ဌာန်သို့ ကူးပြောင်းလာသော်လည်း သူမသည် ကိုယ်ပိုင်ဟန်ဖြင့် တေးစီးရီးများကို ဆက်လက်ထုတ်ဝေခဲ့သည်။

၁၉၉၇ ခုနှစ်တွင် နယူးယောက်မြို့မှ အမေရိကန်ရောက် မြန်မာလူမျိုး ဦးဇော်ဝင်းနှင့် လက်ထပ်ထိမ်းမြားပြီးနောက် ဂီတလောကနှင့်ရော အမိမြေကိုပါ ခွဲခွာခဲ့သည်။ လက်ရှိတွင် ခင်ပွန်းနှင့်အတူ ဒယ်လာဝဲတွင် နေထိုင်သည်။ ယခုအခါသူမသည် ကမ္ဘာတဝန်းရှိ မြန်မာပရိသတ်များအတွက် သီဆိုဖျော်ဖြေနေဆဲ ဖြစ်သည်။ Myanmar Idol ၏ ဒိုင် အဟောင်းတစ်ယောက်ပင်ဖြစ်ပြီး ယခုထိ အောင်မြင်ကျော်ကြား လူကြိုက်များသော တေးသံရှင် တစ်ဦး ပင်ဖြစ်သည်။

သူမ၏ ဂီတသက်တမ်းတလျှောက် တစ်ကိုယ်တော် စီးရီးပေါင်များစွာနှင့် သီချင်းပေါင်း ရာကျော် ထုတ်ဝေခဲ့သည်။ ၁၀ နှစ်ကျော် နားခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်တွင် စီးရီးအသစ်တစ်ခုကို ထုတ်ဝေခဲ့သည်။