ကကုဿန်စေတီတော်

Listing Description

တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီရိန္ဒ ဆရာတော် ရုပ်ကလာဒ်တော်၊ ကကုဿန်စေတီတော် နှင့်ဇေယျသိဒ္ဓိရုပ်ပွားတော်သည် ချင်းပြည်နယ်၊ ဟားခါးမြို့ သာသနာ့ပါလကုန်းတော် (ရုန်းတောင်)တွင် တည်ရှိပါသည်။ တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီရိန္ဒ ဆရာတော်ကြီး အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာတွင် ၁၂၉၃ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်နေ့ တွင် ဖွားမြင်ခဲ့ပြီး ၁၃၁၀ ခုနှစ်၊ တပေါင်းလဆုတ် ၉ ရက်နေ့တွင် မြင့်မြတ်သော ရဟန်းအဖြစ်သို့ရောက်ရှိခဲ့ပါသည်။ ၁၉၆၁ ခုနှစ်မှစ၍ ဟားခါးမြို့ ခွါရုံတောင်တန်းသာသနာပြုကျောင်းတွင် သီတင်းသီလဆောက်တည်ကာ ချင်းပြည်နယ်အတွင်း သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အပြင် လူငယ်ဖွံ့ဖြိုးရေး ပရိဟိတ ကျောင်းများကိုလည်း ဖွင့်လှစ်၍ ကလေး သူငယ်များ စောင့်ရှောက်ခြင်း၊ သာသနာပြန့်ပွားရေး တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ဆရာတော်ကြီးသည် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ ချင်းပြည်နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဌတာဝန်တို့ကို (၂)ကြိမ်တိုင်တိုင် ထမ်းဆောင်တော်မူခဲ့ပြီး ၁၉၉၁ ခုနှစ် နိုဝင်ဘာလတွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ တံဆိပ်တော်ကို ရရှိတော်မူခဲ့ပြီးနောက် သက်တော် ၇၅ နှစ်၊ သိက္ခာတော် ၅၅ ဝါ၊ ၂၀၀၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွေင် ခန္ဓာဝန်ချတော်မူသည်။ ယခုအခါ ဆရာတော်ကြီး ခန္ဓာဝန်ချပြီးနောက် ကြွင်းကျန်ရစ်ခဲ့သော ကျောက်ဖြစ်ရုပ်ပွါးတော် ၊ ကကုဿန်စေတီတော် နှင့် ဇေယျသိဒ္ဓိရုပ်ပွားတော် တို့အား တည်ထား စံပါယ်လျက်ရှိသော အေးမြသော ရုန်းတောင်လေတိုက်ခိုက်ရာ လှပသော ချယ်ရီပန်းများ ဖူးပွင့်ရာ ချင်းပြည်နယ် သာသနာ့ပါလကုန်းတော် (ရုန်းတောင်) ပေါ်သို့ သွားရောက်ဖူးမြော်နိုင်ပါသည်။