အောင်ကျော်ဇေယျမြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး

Listing Description

အောင်ကျော်ဇေယျမြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဗန်းမော်မြို့မှ ၆ မိုင်ခန့်အကွာ ဗန်းမော်-ရွှေကူသွားကားလမ်းဘေးရှိ မံရွတ်ကျေးရွာတွင် တည်ရှိပါသည်။ ဧရာဝတီမြစ်အနီးရှိ ကုန်းကြီးရွာကမ်းစပ်တွင် တွေ့ရှိသော ကျွန်းနက်သား သစ်လုံးကြီးကို ဘိုးတော်ဦးဝိုင်း(ဗဒုံမင်း) အိမ်နိမ့်စံဘဝတွင် တွေ့ရှိဆယ်ယူကာ ရွာဦးကျောင်းဆရာတော် အရှင်သီဟစက္က၏ လမ်းညွှန်ဆုံးမမှုဖြင့် ၁၁၄၃ ခုနှစ် သီတင်းကျွတ်လတွင် ထုလုပ်ပြီးစီးပြီး ရုပ်ပွားတော်မြတ်ကြီးအား အောင်ကျော်ဇေယျမြသိန်းတန် ဟု ဘွဲ့အမည်ဆပ်ကပ်၍ တန်ဆောင်မုန်းလပြည့်နေ့တွင် ဗုဒ္ဓဘိသေက အနေကဇာသဘင် ဆင်ယင်ကျင်းပပါသည်။ ၁၂၄၇ ခုနှစ် သီပေါမင်းပါတော်မူပြီးနောက် တိုင်းရေးပြည်ရေး မငြိမ်သက်သဖြင့် ကုန်းကြီးရွာမှ လူအများ တိမ်းရှောင်ကြသဖြင့် ရွာပျက်ခဲ့သည်။ ရုပ်ပွားတော်မြတ်ကြီးနှင့် ဂန္ဓကုဋီတိုက်သာ ကျန်ခဲ့သည်။ ၁၂၆၄ ခုနှစ်တွင် ဗန်းမော်မြို့အုပ် ဦးအောင်မြတ်သည် ဘုရားကြီးအား ကုန်းကြီးရွာမှ ဗန်းမော်သို့ ဖောင်တော်ဖြင့် ပင့်ဆောင်ရာတွင် ဗန်းမော်သို့ မပင့်တော့ဘဲ မံရွတ်ရွာတွင် ဂန္ဓကုဋီတိုက်နှင့်တကွ တည်ထားကိုးကွယ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ အောင်ကျော်ဇေယျမြသိန်းတန်ရုပ်ပွားတော်ကြီးမှာ ဆေးများ၊ ရွှေရေးသင်္ကန်းများ၊ ကျောက်မျက်များနှင့် စီခြယ်မွမ်းမံထားသောကြောင့် မူလအရောင်ဖြစ်သော အနက်ရောင်ကို မမြင်ရသော်လည်း ရုပ်ပွားတော်ကြီးသည် ကုန်းဘောင်ခေတ် ပန်းပုလက်ရာနှင့်ထုလုပ်ထားသည့် ကျွန်းနက်သား ရုပ်ပွားတော်မြတ်ကြီးတစ်ဆူဖြစ်သောကြောင့် တစ်မူထူးခြားလျက်ရှိပါသည်။ ထို့ပြင် ကျောင်းဆောင်တစ်ခုတွင် ရာစုနှစ်အလိုက် ထုလုပ်ခဲ့သော ဗုဒ္ဓဘာသာ နိုင်ငံအသီးသီးရှိ ဘုရားဆင်းတုရုပ်ပွားတော်များကိုလည်း ဖူးမြော်တွေ့ရှိနိုင်ပါသည်။