မေမီကိုကိုအား ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ၁၉၉၂ခုနှစ်၊ နိုဝင်ဘာလ၊ ၂၆ရက်နေ့၌ မွေးဖွားခဲ့ပြီး နာမည်အရင်းမှာ မေဇင်ဖြိုး ဖြစ်သည်။ မွေးချင်းသုံးဦးအနက် အငယ်ဆုံးဖြစ်ပြီး အစ်မတစ်ဦးနှင့် အစ်ကိုတစ်ဦး ရှိသည်။ ဗန်းမော်မြို့တွင် ကြီးပြင်းခဲ့ပြီး ရန်ကုန်သို့ ပြောင်းရွှေ့အခြေချခဲ့ရာ အခြေခံပညာအထက်တန်းကျောင်း(သုဝဏ္ဏ)တွင် ဆက်လက်ပညာဆည်းပူးခဲ့သည်။ ငါးတန်းကျောင်းသူအရွယ်မှပင် ကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည်။
မော်ဒယ်တစ်ဦးအဖြစ် ၂၀၀၈ခုနှစ်မှ စတင်၍ အနုပညာအလုပ်များကို စတင်ခဲ့သည်။ ၂၀၁၂ခုနှစ်တွင် Forever Group Co., Ltd၏ Talent Management Centre မှ အနုပညာအရည်အသွေးရှိသူ (Talent) အဖြစ် ရွေးချယ်ခံရပြီး မြန်မာရုပ်သံဇာတ်လမ်းတွဲများတွင် စတင်ပါဝင် သရုပ်ဆောင်ခဲ့သည်။
၂၀၁၆ခုနှစ်တွင် ကိုလူပျို ဟာသရုပ်သံဇာတ်လမ်းတွဲတွင် ဘုန်းဆက်သွင်၊ မေဧကရီထူးနှင့် ရွှေစင်ဝင့်ရှိန်တို့နှင့် အတူပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၇ခုနှစ်တွင် ဒရမ်မာ ဇာတ်လမ်းတွဲဖြစ်သည့် မာန် ဇာတ်လမ်းတွဲတွင် ဟန်လင်းသန့်နှင့် ဆောင်းဝတ်ရည်မေတို့နှင့် လည်းကောင်း၊ အရိပ် ဇာတ်လမ်းတွဲတွင် သရုပ်ဆောင် နက္ခတ်၊ ဟိန်းထက်၊ မေမြင့်မိုရ်၊ နန်းစန္ဒာလှထွန်းတို့နှင့် လည်းကောင်း တွဲဖက် ပါဝင် သရုပ်ဆောင်ခဲ့သည်။
၂၀၁၇ ခုနှစ်တွင်ပင် ပျားရည်အိုင် ဒရမ်မာအမျိုးအစား မြန်မာရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင် အောင်ရေချမ်း၊ ဘုန်းရှိန်ခန့်၊ ရှင်မွေလ၊ ဟိန်းမင်းသူ၊ မြတ်သူသူ တို့နှင့်အတူပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်လမ်းတွင် မြိုင် အဖြစ် အဓိက ဇာတ်ဆောင်နေရာတွင် ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့သည်။ ထို့အပြင် ထိုဇာတ်ဆောင်ဖြင့်ပင် မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ဦးဆောင်ချီးမြှင့်ပေးအပ်ခဲ့သည့် ပထမဆုံး Star Awards ဆုပေးပွဲ၌ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု (ဇာတ်လမ်းတွဲ)ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ၊ ၅ရက်နေ့တွင် ရရှိခဲ့သည်။
၂၀၁၉ခုနှစ်တွင် ရင်ထိတ်ဖွယ်ဒရမ်မာ ဇာတ်လမ်းတွဲဖြစ်သည့် လိပ်ပြာနှောင်ကြိုး ဇာတ်လမ်းတွဲတွင် ဟိန်းထက်၊ မုဏ်း၊ သီဟ တို့နှင့်အတူ သရုပ်ဆောင်ခဲ့သည်။ ထို့အပြင် တတိယဆုံမှတ် ဇာတ်လမ်းတွဲကို ဟိဏ်းထက်၊ မြတ်သူသူ တို့နှင့် အတူသရုပ်ဆောင်ခဲ့သည်။
၂၀၂၀ခုနှစ်တွင် စာရေးဆရာမ မစန္ဒာ ရေးသားသည့် လူကြိုက်များခဲ့သော ဂျီဟောသူ ဝတ္ထုကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးရာတွင် ညိုထွေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အခြားသော သရုပ်ဆောင်များဖြစ်သည့် ဟိန်းထက်၊ ရှင်မွေလ၊ ဘုန်းဆက်သွင်၊ သူရမောင်ချို၊ လပြည့်၊ မိုက်မိုက်၊ ဈူးဈူးဈာန်၊ ဂရိတ်ချမ်း၊ ဖြိုးသံသာ၊ ဝိုင်းရွှေရည်၊ ရွှေစင်ဝင့်ရှိန်၊ ဟန်နလာ စသည့် သရုပ်ဆောင်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။
တေးသီချင်းကဏ္ဍ
အလွမ်းပြေ ( ထွက်ရှိသည့်နေ့ - ၂၀၂၀ခုနှစ် ဇူလိုင်လ ၂၅ရက် )
ယုံကြည်နေမယ့်ချစ်ခြင်း (တေးသံရှင် KMနှင့် တွဲဖက်သီဆိုသည်) ( ထွက်ရှိသည့်နေ့ - ၂၀၂၀ခုနှစ် စက်တင်ဘာလ ၁၄ရက် )
အနမ်းပန်း (တေးသံရှင် KMနှင့် တွဲဖက်သီဆိုသည်) ( ထွက်ရှိသည့်နေ့ - ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၂၆ရက် )
စာပေထုတ်ဝေခြင်း
အနမ်းတစ်ပွင့်၏ကျိန်စာ (ထုတ်ဝေသည့်နေ့ - ၂၀၂၀ခုနှစ်၊ ဩဂုတ်လ၊ ၈ရက်နေ့)