ဝါရှင်တန်မြို့တော်တွင်း ဆန္ဒပြမှု နှစ်ဖက်ထိပ်တိုက်တွေ့ ထိခိုက်မှုရှိ

16-Nov-2020

သမ္မတ Donald Trump ကို ထောက်ခံတဲ့သူတွေ အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမှာ မနေ့ စနေနေ့က စုဝေးပြီး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ သူတို့က သမ္မတ Trump နဲ့ ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်ဆိုတဲ့ Trump ရဲ့ ပြောကြားချက်တွေကို ထောက်ခံ ဆန္ဒပြခဲ့ကြတာပါ။

ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိင်ရတဲ့ ပြည်နယ်တွေမှာ ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်တွေ ရှိတယ်လို့ ပြောကြားထားတဲ့ သမ္မတ Trump က Joe Biden ကို ရှုံးနိမ့်ကြောင်း ဝန်ခံဖို့ ငြင်းဆန်နေတာပါ။ ဒါပေမယ့် ပြည်နယ်တွေက ရွေးကောက်ပွဲ တာဝန်ရှိသူတွေကတော့ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေနိုင်လောက်တဲ့ မမှန်ကန်တဲ့ ဖြစ်ရပ်တွေ မရှိဘူးလို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

သမ္မတရွေးချယ်မဲ ၂၇၀ ထက် မဲအရေအတွက် အများအပြားပိုရပြီး Joe Biden ပြတ်ပြတ်သားသား အနိုင်ရကြောင်း ခန့်မှန်းသတ်မှတ်ချက်တွေ ထွက်ပေါ်နေချိန်မှာ Trump ကို ထောက်ခံသူတွေက အခုလို ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

သူ့ကို ထောက်ခံသူတွေ ဆန္ဒပြပွဲတွေ မလုပ်ခင် ၂ နာရီအလိုလောက်မှာ သမ္မတ Trump ရဲ့ မော်တော်ယာဉ်တန်းက ဆန္ဒပြသူတွေအနီး ဖြတ်သန်းမောင်းနှင်ပြီး ဆန္ဒပြသူတွေကို ရယ်ရယ်မောမော လက်ပြနှုတ်ဆက်ရင်း သူတို့လုပ်ရပ်ကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

ဒီ ထောက်ခံဆန္ဒပြပွဲတွေကို ရှေးရိုးစွဲ ကွန်ဆာဗေးတစ် မီဒီယာတွေနဲ့ လူဖြူကြီးစိုးရေး ဝါဒီတွေက ကြီးမှူးကျင်းပခဲ့တာ ဖြစ်ပါတယ်။ လက်ယာအစွန်းရောက်အဖွဲ့ Proud Boys အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြောင်း သတင်းဌာနတွေက ပြောပါတယ်။ သူ့ကို ထောက်ခံသူတွေကို တွေ့ရလို့ ပီတိဖြစ်ရတယ်လို့လည်း သောကြာနေ့က သမ္မတ Trump က တွစ်တာမှာ ရေးသားထားပါတယ်။

အဲဒီ ဆန္ဒပြသူတွေနဲ့ လူမျိုးရေး ခွဲခြားမှုနဲ့ ဖက်ဆစ်ဝါဒ တိုက်ဖျက်ရေး ဆန္ဒပြသူတွေအကြား ခိုက်ရန်ဖြစ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဖက် ခိုက်ရန်ဖြစ်ပွဲမှာ တဦး ဓားနဲ့အထိုးခံရသလို လူအယောက် ၂၀ အဖမ်းခံခဲ့ရပြီး ရဲအရာရှိ ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

Crd VOA News