ဝါးခယ်မလယ်သမား သုံးဦး ဖမ်းဆီးခံရ

23-Jan-2021

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံပတုပ်ဝ ကျေးရွာမှာရှိတဲ့ အမှတ် ၄ စီမံကိန်းတူးမြောင်းထဲမှာ ငါးဖမ်းဖို့လုပ်ထားတဲ့ အတားအဆီးတွေကို လယ်သမားတွေက ဖယ်ရှားလို့ဆိုပြီး အမှုဖွင့်ခံထားရတဲ့ လယ်သမား ခြောက်ဦးထဲက သုံးဦးကို မနေ့က ရွှေလောင်းမြို့မှာ ရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်ပါတယ်။

အဲဒီ စီမံကိန်းတူးမြောင်းမှာ ငါးဖမ်းတဲ့ အတားအဆီးတွေကို လယ်သမား ၇၀ ကျော်တို့က သူတို့လယ်မှာ ရေရရှိဖို့နဲ့ လယ်လုပ်ငန်းအတွက် သယ်ယူပို့ဆောင်ရေးပိုင်းမှာ အခက်အခဲတွေ ရှိတယ်ဆိုပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က ဖယ်ရှားခဲ့တာပါ။

ဒါကြောင့် လယ်သမား ခြောက်ဦးကို အင်းလုပ်ငန်းရှင်က ရွှေလောင်းနယ်မြေရဲစခန်းမှာ ခိုးမှု ပုဒ်မ ၃၇၉၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့နဲ့ အင်းလုပ်ငန်းရှင်ဘက်က အမှုဖွင့်ထားတာဖြစ်ပြီး မနေ့က အဖမ်းခံရတဲ့သူတွေကတော့ ဦးချစ်ဆံ၊ ဦးမျိုးမြင့် နဲ့ ဦးတင်အောင်တို့ ဖြစ်ပါတယ်။

အဲဒီအင်းလုပ်ငန်းကြောင့် လယ်သမားတွေ လယ်လုပ်ဖို့ အခက်အခဲတွေနဲ့ ကြုံနေရကြောင်း လယ်သမား ဦးမြင့်ခိုင်အပါဝင် လယ်သမား ၁၀၀ ကျော်က လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တိုင်ကြားထားပါတယ်။ အဲဒီတိုင်ကြားစာနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာတွေ နဲ့ အိမ်မဲမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့အဖွဲ့က ရွှေလောင်းမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ စစ်ဆေးနေတာပါ။

အဲဒီလို စစ်ဆေးနေစဉ်မှာ လယ်သမားတွေ ခုလိုဖမ်းဆီးခံခဲ့ရတာလို့ လယ်သမား ဦးမြင့်ခိုင်က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လယ်သမား သုံးဦးဟာ အသိပေးအကြောင်းကြားမခံရဘဲ ဖမ်းဆီးခံခဲ့ရတာလို့ လယ်သမားအရေးလှုပ်ရှားသူ မသန်းသန်းမိုးက RFA ကို ပြောပါတယ်။

အခုလို ဖမ်းဆီးရတာက အမှုဖွင့်ထားတာ ကြာပြီဖြစ်လို့ တွေ့တဲ့အချိန်မှာ ဖမ်းဆီးလိုက်တာလို့ ဝါးခယ်မမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးလွင်က ပြောပါတယ်။

အမှုဖွင့်ခံထားရသူတွေထဲက နောက်ထပ်သုံးဦးကိုလည်း ဆက်လက် ဖမ်းဆီးသွားမယ်လို့ ဝါးခယ်မမြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

RFA