ခရီးသွားလုပ်ငန်းပြန်လည်ပတ်ရေး အပျော်စီးလေယာဉ်နဲ့ သင်္ဘောခရီးစဉ်တွေ စတော့မယ်

18-Dec-2020

ကိုဗစ်ရောဂါကာလ ပြည်တွင်း အပျော်စီးလေယာဉ်နဲ့ သင်္ဘောခရီးစဉ်တွေ လာမယ့် ၂၀ နေ့မှာ စတင်ဖို့ စီစဉ်နေပြီး လိုက်ပါမယ့် သူတွေ ကိုဗစ်ရှိ၊ မရှိစစ်ဆေးရမယ်ဆိုတဲ့အကြောင်း ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် အကြီးကျယ် ထိခိုက်နေရတဲ့ ခရီးသွားလုပ်ငန်းတွေ အစီစဉ်သစ်အနေနဲ့ ပြန်စနိုင်ဖို့ တာဝန်ရှိသူတွေက စီစဉ်နေကြပါတယ်။

အပျော်စီးလေယာဉ် ခရီးစဉ်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ စတင်မယ့်အကြောင်း ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ အပျော်စီးလေယာဉ်ပေါ့နော်။ Non Landing Flights Tour ဆိုပြီးတော့ ကျမတို့ စီစဉ်မှာ ဖြစ်ပါတယ်။ မြန်မာနေရှင်းနယ်အဲလိုင်းနဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက် ၉ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ စထွက်ခွာပါမယ်။ ခရီးစဉ်ကတော့ ရန်ကုန်၊ ဘားအံ၊ ကျိုက်ထီးရိုးဖြစ်ပါတယ်။ သူက ကျိုက်ထီးရိုးဘုးရားကို အနီးကပ်ဖူးမျှော်လို့ရအောင် အနိမ့်က ပျံပေးမယ်။ ဘားအံဆိုလည်းပေါ့နော်... သဘာဝရှုခင်းတွေကြည့်လို့ရအောင် ပျံသန်းမှာဖြစ်ပါတယ်။ ပျံတဲ့အချိန်ကတော့ တစ်နာရီကျော်ကျော်ဖြစ်ပါမယ်။ ရန်ကုန်ကိုပြန်ပြီးတော့ ဝင်လာမှာပေါ့။”

ဒီလေယာဉ်ခရီးစဉ်ဟာ သွားမယ့်နေရာဒေသမှာ ရပ်နားဆိုက်ကပ်တာမျိုး မလုပ်ဘဲ ကောင်းကင်ကနေ လှည့်လည်ပြီး ဒေသပတ်ဝန်းကျင်ကို ကြည့်ရှုမယ့် အပျော်စီးလေယာဉ်ခရီးစဉ်သာဖြစ်တယ်လို့ ပြောပါတယ်။

လေယာဉ်ခရီးစဉ်လက်မှတ်နှုန်းကတော့ ကျပ် ၆၀,၀၀၀ ကနေ ၉၀,၀၀၀ ထိ ဖြစ်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းမှာ ဝယ်ယူနိုင်တယ်လို့ ပြောပါတယ်။

သင်္ဘောခရီးစဉ်အတွက်တော့ လက်မှတ်တွေ မရောင်းသေးဘဲ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန၊ လုပ်ငန်းရှင်အဖွဲ့အပါအဝင် မီဒီယာတွေကို ခေါ်သွားပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီမှာ အရင်ဆုံးလေ့လာရေးအနေနဲ့ စတင်မှာဖြစ်တယ်လို့ ဒေါ်ခင်သန်းဝင်းက ပြောပါတယ်။

ခရီးစဉ်မှာလိုက်ပါမယ့် ပြည်သူတွေ ကိုဗစ်ရှိ၊ မရှိစစ်ဆေးပြီးမှ လိုက်ပါခွင့်ရှိမယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းအဖွဲ့ဝင် ဒေါ်ကေသွယ်စိုးက ဗွီအိုအေကို ပြောပါတယ်။

“မကြာခင်တော့ အများပြည်သူတွေကို ဘယ်လောက်ဈေးနှုန်းရှိမယ်၊ ဘယ်လိုလူတွေ လိုက်လို့ရမယ်ဆိုတာ အသေးစိတ်ကိုတော့ ထုတ်ပြန်မှာပါ။ ဒီလေယာဉ်မှာရှိနေတဲ့ ဝန်ထမ်းတွေကအစ အကုန်လုံး Negative ဖြစ်တဲ့ လူတွေကိုပဲ တာဝန်ထမ်းဆောင်ရမှာပေါ့၊ ဒါတော့ လေယာဉ်အပိုင်းပေါ့နော်။ ကျမတို့ ခရီးသည်တွေအပိုင်းကတော့ ကျမတို့က အကုန်လုံးကင်းစင်ပြီးမှ Negative ထွက်တဲ့ သူတွေအားလုံးကိုပဲ ကျမတို့က ခရီးသည်အဖြစ် လိုက်ပါပို့ဆောင်ခွင့် ရှိမှာပါ၊ လိုက်ပါခွင့်ရှိမှာပါ။”

မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းထားတာ ကြာပြီဖြစ်လို့ အခုလိုအစီစဉ်အသစ်စတာကနေ ခရီးလုပ်ငန်းတွေ ပြန်အသက်ဝင်လာမယ်လို့ ဒီခရီးစဉ်ကို ဧည့်လမ်းဝန်ဆောင်မှုပေးမယ့် ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းက ပြောပါတယ်။

“start လုပ်လိုက်တာပေါ့။ ဒီခရီးသွားလုပ်ငန်းကို ပြန်ပြီးအသက်ဝင်လာအောင်ပေါ့။ သူက ဒီခရီးလုပ်ငန်းကို လုပ်လိုက်ခြင်းအားဖြင့် ဒီခရီးစဉ်လည်း အထိုက်အလျောက် အောင်မြင်သွားမယ်လို့ဆိုရင် နောက်ပိုင်းမှာ ခရီးဧည့်သည်တွေအနေနဲ့ စိတ်ဝင်စားမှု တိုးလာရင် တခြားနေရာကို သူတို့တိုးချဲ့လို့ရလာမယ်။"

ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းတွေ အပါအဝင် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတာ ၉ လကျော် ရပ်ဆိုင်းနေတာကြောင့် ကျန်းမာရေးလမ်းညွန်ချက်နဲ့အညီ ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ လုပ်ငန်းရှင်တွေက လိုလာနေကြပါတယ်။

ဒါကြောင့် ရန်ကုန်၊ ပုဂံ၊ အင်းလေး၊ ပဲခူး၊ ကျိုက်ထီးရိုး စသဖြင့် နေ့ချင်းပြန် တစ်ရက်ခရီးစဉ်တွေ လုပ်ဆောင်ဖို့ ဆွေးနွေးထားတာရှိတယ်လို့လည်း ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ ပြည်ပခရီးသွား ၂၃ ရာခိုင်နှုန်းတိုးလာခဲ့ပေမဲ့ ဒီနှစ်မှာတော့ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းမှာ ဝင်ငွေ ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းနိုင်တယ်လို့လည်း ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

VOA News