ဖမ်းဆီးခံ ကျောင်းသားတွေပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေတောင်းဆို

24-Nov-2020

ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့ ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေအပေါ် မြန်မာအာဏာပိုင်တွေက တရားစွဲ ထားတာတွေကို ပြန်ရုပ်သိမ်းပြီး ချက်ချင်းပြန်လွှတ်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အပါအဝင် ပြည်တွင်းပြည်ပက လူ့အခွင့်အရေးအဖွဲ့ ၁ဝ ဖွဲ့က ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပူးတွဲတောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ စစ်ပွဲတွေရပ်တန့်ဖို့ စတစ်ကာလှုပ်ရှားမှုနဲ့ ဆန္ဒပြတောင်းဆိုကြတဲ့ ကျောင်းသား တွေ၊ တက်ကြွလှုပ်ရှားသူတွေအပေါ် တရားစွဲထားတာတွေကို ပြန်ရုပ်သိမ်းပြီး ချက်ချင်းပြန်လွှတ်ဖို့ HRW အပြင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ၊ Fortify Rights၊ Forum-Asia၊ Access Now၊ Article 19၊ Civil Rights Defenders၊ Burma Human Rights Network တို့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP နဲ့ အသံအဖွဲ့တို့က တောင်းဆိုလိုက်တာပါ။

မန္တလေးက ဗကသ ကျောင်းသား ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ) ပုဒ်မတွေနဲ့ တရားရုံးလေးခုကနေ အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ထားတဲ့ကိစ္စကိုလည်း ဒီအဖွဲ့ ၁၀ ဖွဲ့က ထောက်ပြထားပါတယ်။

ကိုယ့်ဆန္ဒသဘောထားကို ထုတ်ဖော်တာနဲ့ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရတာဟာ လုံးဝမျှတမှုမရှိဘူးလို့ အသံအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ဝေဖန်ပါတယ်။

“ကိုယ့်ရဲ့ဆန္ဒ၊ ကိုယ့်ရဲ့သဘောထားကို စတစ်ကာမှာရေးပြီးတော့ စတစ်ကပ်တဲ့လှုပ်ရှားမှုတွေ လုပ်ရုံနဲ့တင်ကို ထောင် ၇ နှစ်လောက်ချတာဟာ ဒါလုံးဝမမျှတဘူးလို့ ကျွန်တော်တို့က မြင်တယ်။ ဒီလိုအခြေအနေပေါ်မှာ ဒီမိုကရေစီကို သွားမယ်ဆိုတဲ့ အစိုးရအနေနဲ့ ဒီလိုဟာတွေကို အရေးတယူ ကိုင်တွယ်ဖို့လိုအပ်တယ်။ အထူးသဖြင့်တော့ ရွေးကောက်ပွဲနိုင်တဲ့အနေနဲ့ပဲဖြစ်ဖြစ်၊ အခုလာမယ့် နှစ်သစ်ကူးပဲဖြစ်ဖြစ် ဘယ်လို အကြောင်း ပြချက်နဲ့ပဲဖြစ်ဖြစ် ဒီကျောင်းသားတွေ၊ လက်ရှိဖမ်းခံထားရတဲ့ သူတွေ၊ တရားစွဲဆိုခံထား ရတဲ့သူတွေ အကုန်လုံးကို မဖြစ်မနေ ပြန်လွှတ်ပေးဖို့လိုတယ်လို့ ကျွန်တော်တို့က မြင်တယ်ဗျ။”

Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာ ဥပဒေအကြံပေး Linda Lakhdhir (လင်ဒါ လတ်ခ်ဒီရာ)ကလည်း ရခိုင်ပြည်နယ်က လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာနဲ့ ကျောင်းသား နှစ်ယောက်ကို  နှစ်ရှည်ထောင်ဒဏ်ပေးလိုက်တာ တုန်လှုပ်စရာ ကောင်းတယ်လို့ ပြောပါတယ်။

အသံအဖွဲ့ရဲ့ စာရင်းတွေအရ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝတို့မှာ အင်တာနက်ဖြတ်တောက်ခံရတဲ့ ၂၀၁၉ ခုနှစ် ဇွန်လနောက်ပိုင်းကစပြီး အင်တာနက်တွေပြန်ဖွင့်ပေးဖို့နဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ရပ်တည် တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူ ၆၁ ဦးအထိ တရားစွဲဆိုခံထားရပြီး အဲဒီထဲမှာ ထောင်ဒဏ်ချမှတ်ခံထားရသူတွေ ရှိသလို ပြန်လွတ်လာသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ အင်တာနက် အသုံးပြုနိုင်မှု ကန့်သတ်ထားတာကို ပြန်ရုပ်သိမ်းပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်ကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ခွင့်ပြုနိုင်ရေးအတွက် ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်း လဲဖို့လည်း ဒီအဖွဲ့ ၁၀ ဖွဲ့က အစိုးရကို ထည့်သွင်းတောင်းဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ထားတဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းပါတယ်။

“ငြိမ်းချမ်းစွာ ပြောဆိုခွင့်၊ လွတ်လပ်စွာစုဝေးမှု စတဲ့ အဲဒီလွတ်လပ်မှုနဲ့ ပတ်သက်ပြီးတော့ ဖိနှိပ်ထားတဲ့ ဥပဒေတွေ အများကြီးရှိတယ်။ အဲဒီဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့လိုတယ်။ ဖိနှိပ်တဲ့ ဥပဒေတွေ ရှိနေသရွေ့ တွန်းလှန်မှုတွေက ရှိနေမှာပဲ။ ဒါ့ကြောင့်မို့ ဒီဖိနှိပ်တဲ့ ဥပဒေတွေကိုလည်း ကျွန်တော်တို့ ဖျက်သင့်တာကို ဖျက်၊ ပြင်သင့်တာကို ပြင်ရမယ်၊ အသစ်ရေးဆွဲသင့်တာကို ရေးဆွဲရမယ် ဒါကိုလည်း လာမယ့်လွှတ်တော်က ဒီလိုဥပဒေတွေကို ဦးစားပေးပြီး ပြုပြင်ပြောင်းလဲဖို့ဆောင်ရွက်သင့်တယ် ထောက်ပြပြောဆိုတာဖြစ်ပါတယ်”

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာ၊ အစိုးရကို ဝေဖန်တာတွေဟာ ရာဇဝတ်မှု မဟုတ်ကြောင်း၊ ဒီလို ပြုမူနေတာ တွေကို မြန်မာအာဏာပိုင်တွေဘက်က ရပ်တန့်သင့်ကြောင်းနဲ့ အခြေခံအခွင့်အရေးကို ကျင့်သုံးရုံနဲ့ အထိန်းသိမ်းခံထားရသူတွေကို ချက်ချင်းပြန်လွှတ်ပြီး တရားစွဲထားတာ အားလုံးကို ပြန်ရုပ်သိမ်းသင့်တယ်လို့ တောင်းဆိုထားတာပါ။

အင်တာနက် ကန့်သတ်မှု၊ ရခိုင်ပြည်နယ်အတွင်း တပ်မတော်ရဲ့ အနိုင်ကျင့်နှိပ်စက်မှုတို့ကို ဆန့်ကျင်လှုပ်ရှားတဲ့ အတွက် ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ)၊  ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတွေနဲ့ အမှုရင်ဆိုင်နေရသူ ဒါဇင်နဲ့ချီ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်တွင်းစစ် ပဋိပက္ခတွေဖြစ်တာကို တားဆီးနိုင်ဖို့ တောင်းဆိုတာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဖြစ်ပြီး အခုလို ဖမ်းဆီးအရေးယူနေတာတွေကတော့ အပြစ်ပေး ပါးစပ်ပိတ်ခိုင်းတဲ့ အခြေအနေဖြစ်တယ်လို့ ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“စစ်ပွဲတွေရပ်ဖို့အတွက် ရခိုင်မှာ ပဋိပက္ခတွေ တားဆီးနိုင်ဖို့အတွက် တောင်းဆိုတဲ့အချက်က အမှန်တော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပဲဖြစ်ပါတယ်။ ဒီဟာကို ဖိနှိပ်ခြင်းကလည်း ဘယ်လိုမှ လက်ခံလို့မရပါဘူး။ ဒါမျိုး ဖိနှိပ်ဖမ်းဆီးတဲ့အတွက်ကြောင့် အခြေခံအခွင့်အရေးကို ချိုးဖောက်ရာရောက်သလို ဒီလိုမျိုးကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ အမှန်တကယ် လိုအပ်ချက်တွေကို အပြစ်ပေးပြီး ပါးစပ်ကို ပိတ်ခိုင်းတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒါမျိုးတွေ မဖြစ်သင့်ပါဘူး”

လက်ရှိ ကပ်ရောဂါကာလဖြစ်တာကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် မထိခိုက်အောင် တားဆီးသင့် တယ်ဆိုပေမယ့် သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးတဲ့ ဥပဒေတွေနဲ့ လိုရင်လိုသလို ရွေးချယ်အပြစ်ပေး တာဟာလည်း မဖြစ်သင့်ဘူးလို့ ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။

ဒီလိုလှုပ်ရှားတောင်းဆိုသူတွေကို တရားစွဲဆိုရာမှာ အသုံးပြုတဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို အခြေခံကနေစပြီး ပြင်ရမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က သုံးသပ်ပါတယ်။

“ငြိမ်းစုစီဆိုတာ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်း အဲဒီမှာ တစ်ယောက်ချင်းတောင် ပါဝင်လာတယ်၊ NLD အစိုးရလက်ထက်မှာ တစ်ယောက်ချင်းစီရဲ့ ဆောင်ရွက်ချက်ပါ ပါဝင်တယ်ဆိုပြီး ဘောင်အကျဉ်းဆုံးချုံပြီး ကန့်သတ်ပစ်လိုက်တယ်။ သူ့ဥပဒေ ရည်မှန်းချက်က ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းကို အကာအကွယ်ပေးဖို့ဆိုပြီး သိရတယ်။ ဒါပေမဲ့ အဲဒီမှာ အကန့်အသတ်တွေ အများကြီးများနေတယ် အဲဒီတော့ အဲဒီ ငြိမ်းစုစီကို အခြေခံကစပြီး ပြင်ပစ်ရမယ် ပြောင်းလဲပြစ်ရမယ်လို့ ထင်ပါတယ်”

ဗကသအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၁) ကိုအောင်ပြည့်စုံဖြိုးက ပြည်တွင်းပြည်ပ လူ့အခွင့်အရေး အဖွဲ့တွေအနေနဲ့ ဖမ်းဆီးခံကျောင်းသားတွေကို လျစ်လျူမရှုဘဲ လွတ်မြောက်ဖို့ တောင်းဆိုတာကို အလေးထားအသိအမှတ်ပြုပါတယ်။

ဗကသအဖွဲ့ချုပ်အနေနဲ့ ပြည်တွင်းစစ်ဆန့်ကျင်းရေးတွေ လူ့အခွင့်အရေးကိစ္စတွေအတွက် လှုပ်ရှားမှုတွေ ရပ်တန့်သွားမှာမဟုတ်ကြောင်း ကိုအောင်ပြည်စုံဖြိုးက RFA ကို ပြောပါတယ်။

“ဖမ်းဆီးခံကျောင်းသားတွေကို သူတို့အနေနဲ့ လျစ်လျူမရှုဘဲနဲ့ ဒီလိုမျိုး ဘေးနားကနေ ဝိုင်းဝန်းကူညီ ပြီးတော့ လွတ်မြောက်ပေးဖို့ တောင်းဆိုပေးတာကို ကျွန်တော်တို့အနေနဲ့ ကျေးဇူးတင်ပါတယ်။ ဒီထက်ပိုပြီးတော့ ကျွန်တော်တို့လည်း ပြည်တွင်းစစ် ဆန့်ကျင်ရေးတွေ၊ လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပိုပြီးတော့ အွန်လိုင်းရော၊ မြေပြင်မှာပါ နှစ်ခုစလုံး လှုပ်ရှားမှာပါ။ ဒီထက်ပိုပြီး လှုပ်ရှားနိုင်ဖို့လည်း မျှော်လင့်ပါတယ်”

စစ်ပွဲရပ်တန့်ရေး လှုပ်ရှားမှုတွေကြောင့် ဒီလိုဖမ်းဆီးထောင်ချခံနေရသူတွေ အရေးနဲ့ပတ်သက်လို့ လူ့အခွင့်အရေးအဖွဲ့ ၁၀ ဖဲ့ွရဲ့ တောင်းဆိုချက်အပေါ် တုံ့ပြန်ချက်ကိုသိရဖို့ RFA က သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေးကို မေးခွန်းပေးပို့မေးမြန်းထားသလို တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း ဖုန်းနဲ့ဆက်သွယ်မေးမြန်းနေပေမယ့် အဖြေပြန်မရသေးပါဘူး။

စစ်တွေ ၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ ပြည်၊ မိတ္ထီလာ၊ စတဲ့ မြို့နယ်အသီးသီးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ပုဒ်မ ၅၀၅ (က)(ခ)၊ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေတို့နဲ့ တရားစွဲခံရသူ အယောက် ၂၀ ရှိပြီး အဲဒီထဲမှာ အမိန့်ချခံရပြီးသူကတော့ ၁၅ ယောက် ရှိတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

အမိန့်ချခံရသူတွေကလည်း ထောင်ဒဏ် ၁ နှစ်ကနေ ၇ နှစ်အထိ ချမှတ်ခံထားရသူတွေဖြစ်သလို အမှုတွဲ ရင်ဆိုင်နေရသူတချို့လည်း ရှိနေပါတယ်။

Crd RFA