အိမ်ဖြူတော်ရာထူးနေရာများအတွက် ဂျိုးဘိုင်ဒင် ကြေညာ

19-Nov-2020

ဝါရှင်တန် နိုဝင်ဘာ ၁၈

အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် ဂျိုးဘိုင်ဒင်သည် ၎င်း၏မဲဆွယ်စည်းရုံးမှု ခေါင်းဆောင်နှင့် လက်ထောက်များကို အိမ်ဖြူတော်ရှိ အဆင့်မြင့်ရာထူးများအတွက် ရွေးချယ်ထားကြောင်းသိရသည်။

အိမ်ဖြူတော်တွင် ခန့်အပ်မည့် ဝန်ထမ်းစာရင်းကို နိုဝင်ဘာ ၁၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အာဏာလွှဲပြောင်းပေးအပ်ရေးအတွက် အလျင်အမြန် လုပ်ဆောင်လျက်ရှိသည်။

ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင် အနိုင်ရရှိကြောင်း လက်ခံရန် သမ္မတဒေါ်နယ်ထရမ့်က ငြင်းဆိုလိုက်ပြီးနောက် ချောမွေ့စွာ အာဏာလွှဲပြောင်းရေးအတွက် အဟန့်အတား များ ဖြစ်ပေါ်လျက်ရှိသည်။

အမေရိကန်သည် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဂျိုးဘိုင်ဒင်က ကြေညာခဲ့သည်။ အမေရိကန်ကို အင်အားကြီးပြီး စည်းလုံးညီညွတ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရည်ရွယ်ကာ ၎င်း၏အစိုးရအဖွဲ့တွင် ပါဝင်လာမည့်သူများသည် စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းရမည်ဖြစ်သည်ဟု ဂျိုးဘိုင်ဒင်က ပြောသည်။

အိမ်ဖြူတော်ဝန်ထမ်းအဖြစ် အသစ်ရွေးချယ်မည့် လူများတွင် ၎င်း၏မဲဆွယ်စည်းရုံးရေး မန်နေဂျာ ဂျန်အို မယ်လီဒေလင် ပါဝင်မည်ဖြစ်ပြီး ဝန်ထမ်းရေးရာ ဒုတိယ အကြီးအကဲအဖြစ် လုပ်ဆောင်မည်ဖြစ်သည်။ ဘိုင်ဒင်၏ မဲဆွယ်စည်းရုံးမှု ပူးတွဲဥက္ကဋ္ဌဖြစ်သူ ဆက်ဒရစ် ရစ်ချ်မွန်ကို မူ သမ္မတအဆင့်မြင့်အကြံပေးအရာရှိအဖြစ် ရွေးချယ်ခံ ထားရသည်။

အိမ်ဖြူတော်ဝန်ထမ်းရေးရာအဖွဲ့ အကြီးအကဲအဖြစ် ၎င်း၏လက်ထောက်ဖြစ်သူ ရွန်ကလိန်းကို ရွေးချယ်ထားပြီး ဖြစ်သည်။ သို့သော်လည်း အစိုးရအဖွဲ့တွင် ပါဝင်မည့် သူများကိုမူ ယခုအချိန်ထိအောင် ကြေညာခြင်း မရှိသေးပေ။

အင်န်အိတ်ချ်ကေ