မြန်မာကလပ်များ ယှဉ်ပြိုင်ခွင့်ရထားသည့် အာရှအဆင့် ကလပ်ပြိုင်ပွဲကျင်းပမည့် လျာထားရက်များ ထုတ်ပြန်

20-Dec-2020

ရန်ကုန်    ဒီဇင်ဘာ   ၁၉
အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာကလပ်အသင်းများယှဉ်ပြိုင်ခွင့်ရထားသည့် အာရှအဆင့် ကလပ်ပြိုင်ပွဲများကျင်းပမည့် လျာထားရက်များ ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ မြန်မာကလပ်အသင်းများဖြစ်သည့် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီ အသင်းသည် လာမည့်ရာသီတွင် အာရှအဆင့်ကလပ်ပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ရထားခြင်းဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၁ ခုနှစ်တွင် အာရှချန်ပီယံလိဂ်နှင့် AFC Cup ပြိုင်ပွဲများကျင်းပမည်ဖြစ်ပြီး အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲကို မတ်လ၊ Play-off အဆင့်ခြေစစ်ပွဲကို ဧပြီလ၊ အုပ်စုပွဲစဉ်များကို ဧပြီလ၊ AFC Cup ပြိုင်ပွဲ အကြို ခြေစစ်ပွဲနှင့် Play-off ခြေစစ်ပွဲများကို ဧပြီလ၊ အာဆီယံဇုန်အုပ်စုပွဲများကို ဇွန်လတို့ တွင် ကျင်းပရန်လျာထားခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲ နှစ်ခု၏ ခြေစစ်ပွဲများကို  ဇန်နဝါရီနှင့်  ဖေဖော်ဝါရီ၊ နောက်ဆုံးအဆင့် အုပ်စုပွဲများကို  ဖေဖော်ဝါရီတွင် စတင်ကျင်းပလေ့ရှိသော်လည်း  မြန်မာကလပ်မှ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် လာမည့်နှစ်တွင် နောက်ဆုတ်ကျင်းပ မည်ဖြစ်ပြီး လာမည့်နှစ်ပြိုင်ပွဲကျင်းပမည့်ရက်များကိုလည်း ကိုဗစ်-၁၉ ရောဂါ အပေါ်မူတည်၍ အတည်ပြုမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်၏ သတ်မှတ် ချက်အရ MNL အမှတ်ပေးချန်ပီယံအသင်းမှာ အာရှချန်ပီယံလိဂ်ခြေစစ်ပွဲအဆင့် နှင့် AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်၊ ရှုံးထွက်ပြိုင်ပွဲ ချန်ပီယံအသင်းမှာ AFC Cup ပြိုင်ပွဲ ခြေစစ်ပွဲအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ၂၀၂၀ ရာသီတွင် ကပ်ရောဂါ ကြောင့် ရှုံးထွက်ပြိုင်ပွဲမကျင်းပနိုင်သဖြင့် အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယဆုရသည့် ဟံသာဝတီအသင်းက ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လာမည့်နှစ် အာရှချန်ပီယံလိဂ်အကြိုခြေစစ်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း၊ AFC Cup ပြိုင်ပွဲအုပ်စုအဆင့်တွင် ရှမ်းယူနိုက်တက်အသင်း၊ ခြေစစ်ပွဲတွင် ဟံသာဝတီ အသင်းတို့ ယှဉ်ပြိုင်ခွင့်ရရှိထားသည်။ ရှမ်းယူနိုက်တက်အသင်းသည် အာရှ ချန်ပီယံလိဂ်တွင် ခြေစစ်ပွဲမအောင်ပါက  AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် ပြန်လည်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ခြေစစ်ပွဲအောင်ပါက AFC Cup ပြိုင်ပွဲတွင် ဧရာဝတီအသင်းက အစားထိုးယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ်အကြိုခြေစစ်ပွဲတွင် သုံးကြိမ်မြောက်နှင့် AFC Cup ပြိုင်ပွဲအုပ်စုအဆင့်တွင် လေးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ဟံသာဝတီအသင်းမှာမူ ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ 

သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-စိုးညွန့်