တရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာ စွပ်စွဲချက်ပဲဖြစ်တယ်လို့ ကော်မရှင်ပြော

12-Nov-2020

ရွေးကောက်ပွဲမှာ အားနည်းချက်တွေ၊ မသမာမှုတွေ ရှိတယ်ဆိုပြီး အတိုက်အခံ နိုင်ငံရေးပါတီတချို့က ကန့်ကွက်နေပေမဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိတဲ့ စွပ်စွဲချက်အဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်တဲ့အကြောင်း ပြောပြပါမယ်။

တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ အားနည်းချက်တွေ မသမာမှုတွေ ရှိတာကြောင့် ရလဒ်တွေကို လက်မခံနိုင်ဘူးဆိုပြီး နိုင်ငံရေးပါတီတချို့က ကန့်ကွက်နေတာကို ကော်မရှင်က ပယ်ချလိုက်တာပါ။ နိုင်ငံရေး ပါတီတချို့ရဲ့ စွပ်စွဲချက်တွေဟာ ခိုင်လုံတဲ့ အထောက်အထား မရှိဘဲ ပြောဆိုချက်အဖြစ်နဲ့လည်း ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် က တုံ့ပြန်လိုက်ပါတယ်။

"ဘာကိုအခြေခံပြောသလဲဆိုတာ မပေါ်ပေါက်ဘဲနဲ့ ဘာမှပြောစရာမရှိဘူး။ ဒီလိုယေဘူယျ ဒီလို စွပ်စွဲတာက ဘာမှပြောစရာ မရှိဘူး။ အဲဒီလိုပဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီ ၃ ခုကကြိုဆိုတယ်၊ ထောက်ခံတယ်၊ လက်ခံတယ်၊ ထုတ်ပြန်ထားတယ်။ ဒီမိုကရေစီ ကျင့်စဉ်၊ အလေ့အထမှာ ဒီတိုင်းပဲ ရှိမယ်။ ယှဉ်ပြိုင်တဲ့ ပါတီကြီး ၃ ခု လောက်ရှိတယ်၊ ကျန်တဲ့ပါတီတွေလည်း လက်ခံတဲ့ ပါတီတွေလည်း ရှိကြပါတယ်။"

ကိုဗစ်ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြား ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အားနည်းချက်တချို့ ရှိခဲ့ပေမဲ့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြောင်းလည်း ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း အတိုက်အခံ နိုင်ငံရေးပါတီ တချို့ကတော့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဖို့အထိ ကန့်ကွက်တာတွေလည်း ရှိနေပါတယ်။ အဓိက အတိုက်အခံနိုင်ငံရေးပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း ရန်ကုန်မြို့မှာ ဒီနေ့ပဲ သတင်းစာရှင်းလင်းပွဲ ကျင်းပအပြီး ရွေးကောက်ပွဲ ရလဒ်တွေကို ကန့်ကွက်ကြောင်း ပြောဆိုခဲ့ပါတယ်။ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးစံကျော်ကတော့ ကန့်ကွက်မှု အပေါ်ခုလိုပြောပြပါတယ်။

"ကျနော်တို့ ပါတီအနေနဲ့က တရားမျှတတဲ့ ရွေးကောက်ပွဲပဲ အဓိကပြောနေတာပေါ့နော်။ နယ်တွေနဲ့ အနယ်နယ် အရပ်ရပ်မှာ ဖြစ်နေတာတွေက မဲတွေပိုနေတာတွေ၊ တရားမဲ့ ပြုကျင့်မှုလုပ်နေတာတွေက တကယ်တမ်းတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ပေါ် အားနည်းချက်တွေရှိတာကိုပါပဲ။ အဲဒါလေးပါ တကယ်ကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ပြောတာပါ။"

ဒီကနေ့ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ရုံး အပြင်ဘက်မှာလည်း လူတချို့က ကန့်ကွက်ဆန္ဒပြခဲ့ကြတာကြောင့် လုံခြုံရေးတိုးမြှင့်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ပြင်ဆင်မှုတွေ အားနည်းကြောင်းနဲ့ လွတ်လပ်မျှတမှု အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့ရာက အစိုးရနဲ့ စစ်တပ်ကြား အပြန်အလှန် တုံ့ပြန်မှုတွေလည်း ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ လတ်တလော မဲရလဒ်တွေအရ အာဏာရ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အများစု အနိုင်ရထားကြောင်း ပါတီ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်မှာ မဲပေးသူ ၇၀ ရာခိုင်နှုန်းရှိတယ်လို့လည်း ခန့်မှန်းထားပြီး မဲရလဒ်တွေအားလုံးကိုလည်း မကြာမီ ထုတ်ပြန်ဖို့ စီစဉ်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

"ဒီ တပတ်အတွင်း ထုတ်ပြန်ပါမယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက ၁၀ ရက်ကြာပါတယ်။ ၁၀ ရက်ကြာပြီးတယ်။ ကျနော်တို့က ခု ၅ ရက်၊ အများဆုံး ၇ ရက် ဒီလောက်နဲ့ ပြီးစီးအောင် ဆောင်ရွက်နေပါတယ်။ ၃၀ ရာခိုင်နှုန်းပြီးပါပြီ။ ၃၀၀ ကျော်ကြေငြာပေး ပြီးနေပါပြီ။"

ရွေးကောက်ပွဲစောင့်ကြည့် အကဲခတ်အဖွဲ့တွေကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေ ရှိခဲ့ပေမဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွတ်လပ်မျှတမှုရှိရှိ ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်အပေါ် ကြီးကြီးမားမား ထိခိုက်လောက်အောင် ပြဿနာ မရှိခဲ့ကြောင်းလည်း ပြောဆိုထားကြပါတယ်။

တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲ အပေါ်မှာတော့ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ (EU) နဲ့ ဂျပန်နိုင်ငံတို့ကလည်း ချီးကျုးစကား ပြောဆိုခဲ့ကြသလို၊ စိုးရိမ်တဲ့ သဘောထားတွေကိုလည်း ပြောဆိုခဲ့ကြတာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပေယို ကလည်း ကပ်ရောဂါကာလမှာ သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေ မဲပေးခဲ့ကြတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီကို ဦးတည်တဲ့ ခြေလှမ်းအဖြစ် ချီးကျုးစကား ပြောကြားခဲ့ပေမဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေနဲ့ အားလုံးပါဝင်ခွင့်ရရေး စိုးရိမ်စရာတွေ ရှိနေဆဲဖြစ်ကြောင်းလည်း ပြောကြားထားပါတယ်။

Crd VOA News

ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်း လူ ၅၀ ခန့် ဆန္ဒထုတ်ဖော်

ရွေးကောက်ပွဲကော်မရှင်ကို ဆန္ဒပြသူနှစ်ဦး ထောင်ဒဏ်တစ်လစီ ချမှတ်ခံရ