မိုးကုတ်မြို့လုပ်ငန်းရှင်တဦး ဖမ်းဆီးမှု TNLA ဝန်ခံ

06-Dec-2020

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့က ထင်ရှားတဲ့ SP မုန့်တိုက်ပိုင်ရှင်ကို TNLA တအာင်း(ပလောင်) အဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး စနေနေ့ညကလည်း အမျိုးသမီးတဦး နောက်ထပ် ထပ်မံဖမ်းဆီး ခံခဲ့ရပါတယ်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့မြို့ကြီးတွေမှာပါ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားတဲ့ SP Bakery စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းဟာ သူနေထိုင်ရာ မိုးကုတ်မြို့မှာ သောကြာနေ့ မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတာပါ။

TNLA တအာင်း(ပလောင်) အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာ့အိုက်ကျော်က ဒီဖမ်းဆီးမှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း ဗွီအိုအေကို အခုလို အတည်ပြုပြောဆိုပါတယ်။

“ဖမ်းတာတော့ ကျနော်တို့ ဖမ်းတာတော့ မှန်တယ်။ ဒါပေမယ့် အသေးစိတ်ကတော့ ကျနော်လည်း ပြောလို့မရသေးဘူး။ မသိရသေးဘူး။”

ဘာအတွက်ဖမ်းဆီးထားတယ်ဆိုတာ ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့် ဦးကျော်ဝင်းအတွက် အသက်အန္တရာယ် စိုးရိမ်ဖို့ မရှိကြောင်း ပြောပါတယ်။

စနေနေ့ညပိုင်းမှာလည်း မိုးကုတ်မြို့နဲ့ ၁၂ မိုင်အကွာမှာရှိတဲ့ လယ်ကြီးရွာက အမျိုးသမီးတယောက်နဲ့ သူ့သမက်ကို အမည်မသိ လက်နက်ကိုင်တွေက ဖမ်းဆီးသွားကြောင်း မိုးကုတ်ဒေသခံ လူ့အခွင့်အရေးနဲ့ တရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့က ဦးနိုင်မိုးက ပြောပါတယ်။

“မနေ့ညက ၆ နာရီ ၄၅ လောက်မှာ လာဖမ်းတယ်ပေါ့နော။ ဖမ်းတဲ့အမျိုးသမီးက ဒေါ်ကြည်သန်း။ နောက် သူ့ရဲ့သမက်လည်း ပါသွားတယ်၊ ပသိုင်းတဲ့ နာမည်က။ ၂ ယောက်ဖမ်းသွားတယ်။ ၆ နာရီ ၄၅ မှာ သေနတ်တချက်ဖောက်တယ်၊ ဖောက်ပြီးတော့ လာဖမ်းသွားတယ်။”

မိုးကုတ်-မေမြို့လမ်းထွက် ၁၈ မိုင်ဘက်မှာလည်း နောက်ထပ် လူ ၂ ယောက် ဖမ်းဆီးသွားတယ်လို့ ပြောဆိုပေမယ့် သီးခြားအတည်ပြုချက် မရသေးပါဘူး။

မိုးကုတ်မြို့ မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ လယ်ကြီးရွာက အမျိုးသမီး ဖမ်းဆီးခံရတဲ့သတင်းသာ ရရှိကြောင်းနဲ့ ၁၈ မိုင်ဘက်က ဖမ်းဆီးတဲ့သတင်းတော့ မကြားသိရကြောင်း ပြောပါတယ်။

“ကျနော်တို့ တယောက်ပဲ ကြားထားတယ်။ ဟိုဘက်ကဆိုရင်တော့ ဒီဘက်ကို မကြားတော့ဘူး။ ဟိုဘက် မိုင်းလုံဘက်ဆို။”

လယ်ကြီးရွာက ဒေါ်ကြည်သန်းကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းက ဖမ်းဆီးတာဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ဆက်စပ်နေကြောင်း SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။

“ကျနော်တို့ဘက်က မြို့နယ်မှူးပေါ့နော်၊ ကျနော်တို့ အုပ်ချုပ်ရေးဌာနက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပညာပေးတဲ့ သဘောလောက်ပါပဲ။ ငွေရေးကြေးရေး ဘာညာ မယူပါဘူး။ ခနခေါ်ပြီးတော့ ထိန်းထား ပညာပေးတာပေါ့ဗျာ။ သူူတို့က နောက်နောင်မလုပ်ဖို့ပေါ့။ အဲလိုမျိုးပါပဲ။ ဥပဒေနဲ့ မဆန့်ကျင်တဲ့ အပိုင်းတွေပဲ ကျနော်တို့လုပ်တာပါ။”

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း မိုးကုတ်မြို့ပေါ်က အမျိုးသမီးတဦးကို TNLA အဖွဲ့က ၁၀ ရက်နီးပါးကြာ ဖမ်းဆီးခဲ့ပြီး ကျပ်သိန်း ၃၀၀ ကျော် တောင်းယူခဲ့ကြောင်း၊ ဖမ်းဆီးထားစဉ် ရိုက်နှက်တာတွေလည်းရှိကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြတာတွေ ရှိပါတယ်။

လူ့အခွင့်အရေးနဲ့ တရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့က ဦးနိုင်မိုးက မိုးကုတ်မြို့ရဲ့ လက်ရှိအခြေအနေအပေါ်မှာ အခုလို သုံးသပ်ပြောဆိုထားပါတယ်။

“မိုးကုတ်မြို့ရဲ့ လူ့အခွင့်အရေးနဲ့ တရားမျှတရေး အခြေအနေကတော့ ဆုံးရှုံးနစ်နာမှုတွေ အများကြီး ဖြစ်ပေါ်လာတာပေါ့နော။ ကိုဗစ်ကလည်း ဖြစ်တာတချက်။ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ဆိုင်တွေအထိပေါ့နော ဒီလို အခကြေးငွေတွေ ဝင်ကောက်တယ်၊ ဆက်ကြေးတွေ ဝင်ကောက်တယ်။ ပြန်ပေးဆွဲတာတို့ ဘာတို့ တော်တော်လေးကို ဆိုးဆိုးဝါးဝါးနဲ့ ဖြစ်ပေါ်လာတာလေ။ မိုးကုတ်မြို့မှာ အခုဟာက ကျီးလန့်စာစား ဖြစ်ပြီးတော့ တချို့ဆို မိုးကုတ်ကခွာပြီးတော့ ရန်ကုန်တို့ မန္တလေးတို့ သွားတဲ့လူတွေတောင် ရှိတယ်။ မိုးကုတ်မှာကို နေရတာ မပျော်တော့ဘူးပေါ့။ ကျီးလန့်စာစား ဖြစ်ကုန်ကြတာ။”

ပြီးခဲ့တဲ့နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်းကလည်း မိုးကုတ်မြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ TNLA အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲဖြစ်ပွားရာအနီးက ဒေသခံ ၁,၅၀၀ လောက်ဟာ မိုးကုတ်မြို့ဘက်ကို တိမ်းရှောင်ခဲ့ကြရပါတယ်။

စနေနေ့မနက်ပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနဲ့ နမ္မတူမြို့နယ်အစပ် ဒေသမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းအကြားမှာ တိုက်ပွဲတကြိမ် ဖြစ်ခဲ့ပါတယ်။

VOA News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။